ဆုမွန်၊ ဖေဖော်ဝါရီ ၂၀ ရက်၊ လားရှိုး
ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၅ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ သိန္နီမြို့ဘက် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဆန္ဒပြသူ (၉) ဦးထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က (၄) ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ (၅)ဦးကိုတော့ MNDAA က မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီး ပြန်လွှတ်လာတဲ့ ဒေသခံ ၅ ဦးကို ကိုးကန့်တပ်က ရိုက်နှက်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မနေ့မနက်ပိုင်းမှာ သူတို့ကို လွှတ်ပေးပြီး နေ့လည်မှာတော့ သံလွင်စံပြရွာမှာရှိတဲ့ သူတို့(MNDAA) ရဲ့ရုံးကို ရောက်တော့ သတင်းပို့ရသေးတယ်လေ။ သူတို့ကို ရိုက်နှက်ပြီး စစ်ဆေးနေတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ ကိုးကန့်တပ်က သူတို့လူကြီးတွေကို သွားလိမ်ထားတယ်။ အဲဒီ၅ ဦးက သူတို့သေနတ်ကို လုလို့ဆိုပြီး လိမ်ထားတာ။ တကယ်တော့ အဲဒီ ၅ ဦးက သူတို့သေနတ်ကိုလုတာမဟုတ်ဘူး။ ရုန်းရင်းဆန်ဖြစ်တဲ့အချိန်မှာ ကိုးကန့်တပ်တွေက သူတို့ဖုန်းကို သိမ်းယူလို့ သူတို့လည်း သူတို့ဖုန်းကို ပြန်ယူဖို့လုပ်နေတာ။ အဲတာကို ကိုးကန့်တပ်က သူတို့လူကြီးတွေကို သူတို့သေနတ်လုယူတာဆိုပြီး စာသွားတင်တာ”
အဆိုပါ MNDAA ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေသခံ ၅ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထပ်မံ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဆန္ဒပြကြတဲ့ ဒေသခံတွေနဲ့ MNDAA တပ်ဖွဲ့ဝင်တွေက အချင်းချင်းအငြင်းပွားခဲ့ပြီး အဲထဲက ဒေသခံ ၃၆ ဦးကို MNDAA က သိန္နီမြို့ဘက်သို့ ခေါ်ဆောင်သွားကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ၂၇ ဦးကိုသာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။