ဝတ်ရည်၊ ဧပြီ ၁၉ ရက်၊ မြောက်ဦး
အာရက္ခတပ်တော်-AAထိန်းချုပ်တဲ့ မြောက်ဦးမြို့နယ်မှာ လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် သံဃာတော်အပါအဝင် ဒေသခံ ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဧပြီ ၁၉ ရက် မနက် ၁၀ နာရီမှာ မြောက်ဦးမြို့နယ်က မြိုလူမျိုးတွေ နေထိုင်တဲ့ ကျောက်ဆည်ပြင်ရွာကို စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“တချို့မှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ ပြီးတော့ နွား ၅ ကောင်လည်း သေတယ်။ ၁ ကောင်တော့ ဒဏ်ရာရတာ ရှိတယ်။ ဘုန်းကြီးကျောင်းနဲ့ သိမ်တွေလည်း လုံးဝပျက်စီးသွားခဲ့တယ်”
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၃ ပါး၊ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့က ထိမှန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ဧပြီ ၁၉ ရက်မှာတင် ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ကိုလည်း မနက် ၁၀ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ်မှာလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အရပ်သားတွေ ဆေးကုသတဲ့ မြောက်ဦးမြို့ ဆေးရုံကြီးကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံက တာဝန်ကျတဲ့ ဆရာမတချို့အပါအဝင် ဒေသခံ ၃၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၈၀ နီးပါးအထိ ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။