မိုင်းရူပ၊ ဖေဖော်ဝါရီ ၈ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုး-သိန္နီမြို့နယ်ကြားမှာ တွဲကားတစ်စီး တိမ်းမှောက်ပြီး ကားမောင်းသူနဲ့ ကားစပယ်ယာ သေဆုံးသွားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေဆီက သိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ကုန်တင်လာတဲ့ တွဲကားတစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ လားရှိုး-သိန္နီလမ်းပိုင်းရှိ တိမ်ဖြူဆီဆိုင်ကို ဝင်တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။
“အရှိန်နဲ့ မောင်းလာပြီး တိမ်ဖြူဆီဆိုင်ကို ဝင်တိုက်တာ။ ဆီဆိုင်က လူတစ်ယောက် ဒဏ်ရာ ရတယ်။ ကားရှေ့ခန်းက ရစရာ မရှိတော့ပါဘူး။ ကားမှောက်ပြီး ကားဒရိုင်ဘာနဲ့ စပယ်ယာက ဆုံးသွားတယ်” လို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ရောက်ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သေဆုံးသွားသူဟာ ဘယ်ဒေသမှာ နေထိုင်သူ ဖြစ်တယ်ဆိုတာကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်မှာလည်း ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု နားမွန်းရွာမှာ ထော်လာဂျီတစ်စီး တိမ်းမှောက်ပြီး ဒေသခံ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁,၇၃၅ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄,၆၇၆ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စာရင်းအရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။