ရွှေဖီမြေ၊ ဇွန်လ ၃ ရက်၊ လယ်ဒို
ကရင်ပြည်နယ် ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဝေဒေါခို (အင်တိုင်းကုန်း) ကျေးရွာက ဒေသခံ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဇွန်လ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၀ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ-၂၆၄) တပ်ကနေ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး (၁) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စောတိုးလေးကြီး (၄၇) နှစ်၊ နော်ကွမ်းယာ (၄၅) နဲ့ နော်အယ်ကလူဖော (၉ နှစ်) ဆိုသူတို့ကို ထိမှန်သေဆုံးခဲ့ပြီး နော်မူးဖော (၁၈ နှစ်) ဖြစ်သူက ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် (၁) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လယ်ဒိုမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကျွန်းကြီးကျေးရွာက ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ပါတယ်။
လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်တွေနဲ့ နေ့စဥ်လိုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။