မြတ်နိုး၊ ဩဂုတ် ၂၅ ရက်၊ ဖားကန့်
ကချင်ပြည်နယ် မိုးညင်းခရိုင် ဖားကန့်မြို့နယ် မှော်ဝမ်းကလေးရွာမှာ စစ်ရှောင်တွေ ဒီရက်ပိုင်းအတွင်း နေရပ်ပြန်လာချိန် နေအိမ် ၆၀ ခန့် မီးရှို့ဖျက်ဆီးခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အိမ်တွေ မီးရှို့ခံရတာတွေအပြင် ဖောက်ထွင်းခံရတာတွေလည်း အများကြီးရှိတယ်။ စုစုပေါင်း နေအိမ်အလုံး ၆၀ နီးပါး မီးရှို့ဖောက်ထွင်းခံထားရတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒေသခံတွေ နေအိမ်ခြံ ရှင်းလင်းရေး ပြုလုပ်ကြချိန် မသင်္ကာတဲ့ မြေနေရာတွေကို ဩဂုတ် ၂၃ ရက် ညနေကစ တူးဖော်ကြည့်ရာက မနေ့ ဩဂုတ် ၂၄ ရက်အထိ မည်သူမည်ဝါမှန်း မသိသေးတဲ့ ရုပ်အလောင်း ၂၅ လောင်း တွေ့ရှိခဲ့တယ်လို့ သူကပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတာနဲ့ သတ်ဖြတ်မြှုပ်နှံခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရက်အတိအကျကိုတော့ ပြောပြဖို့ ခက်ခဲတယ်လို့လည်း ပြောပါတယ်။
“စစ်ရှောင်တွေကို ပြန်ခေါ် ပြန်ပြီးတော့ ထားတာက နှစ်ပတ်လောက် ရှိနေပြီ” လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။
အဲဒီ မှော်ဝမ်းကလေးရွာက လက်ရှိ စစ်တပ် ထိန်းချုပ်ထားရာနေရာဖြစ်ပြီး ရွာထဲ ပြန်လည် နေထိုင်ဖို့ ခွင့်ပြုမိန့် ထွက်ထားပြီးနောက် ဒေသခံတွေက နေရပ်ပြန်လာကြပြီး နေအိမ်ခြံဝင်းတွေ ရှင်းလင်းနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ မေလ ၂၀ ရက် ည ၁ နာရီခန့် ဒေသခံတွေ စစ်ရှောင်ခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာ လူထုတွေ တစ်ဦးမှမရှိသလို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ဒေသခံတွေရဲ့ နေအိမ်အများစု မီးလောင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဧပြီလခန့်ကတည်းက မှော်ဝမ်းကလေး ဒေသခံတွေ စစ်ဘေး စတင်ရှောင်ကြရပြီး ၂၀၂၅ ဇွန်လမှာတော့ ဒေသခံ ၈၀ ရာခိုင်နှုန်းလောက်အထိ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။