ပပ၊ ဇူလိုင် ၁၇ ရက်၊ တန့်ယန်း
ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၈ ရှိ ရွှေကွတ်ခိုင် အထူးကုဆေးခန်းမှ ဆေးခန်းပိုင်ရှင် အောင်ဖြိုးနိုင်ဟာ သူ့ဆေးခန်းမှာ အလုပ်လုပ်နေတဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာကြောင့် တအာင်းတပ် TNLA က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ကွတ်ခိုင်ရှိ အချုပ်ကို ဖောက်ပြီး ထွက်ပြေးသွားတဲ့ အချုပ်သား ၂၀ ဦးထဲမှာမှ အသက် ၃၇ နှစ်အရွယ် ဒေါက်တာ အောင်ဖြိုးနိုင်ဆိုသူ ပါဝင်ခဲ့ပါတယ်။
လက်ရှိမှာတော့ အောင်ဖြိုးနိုင်ဆိုသူဟာ ရှမ်းမြောက် တန့်ယန်းမြို့ရှိ ပုဂ္ဂိလိက ဆေးရုံတစ်ခုဖြစ်တဲ့ ရပ်ကွက် ၄ ရှိ ဦးအောင်မြတ်လမ်း လားဟူဘော်ဒါဆောင်ဘေးနားရှိ မိုင်ဆုန် ဆေးရုံမှာ ပြီးခဲ့တဲ့လ ဇွန်လကစပြီး တာဝန်ထမ်းဆောင်နေကြောင်း မြို့ခံတွေက ဆိုပါတယ်။
တန့်ယန်းမြို့ခံတစ်ဦးက “ဟုတ်ပါတယ် အောင်ဖြိုးနိုင်ဆိုတဲ့ဆရာက ခွဲစိတ်ဆရာဝန်ပါ။ တခြားဟာတော့ မသိပေမဲ့ အဲလို ရာဇဝင်ရှိခဲ့ဖူးတဲ့ လူတစ်ယောက်ကြောင့် ဒီကကလေးနဲ့ အမျိုးသမီးတွေအတွက် စိုးရိမ်ရတယ်။ စိတ်မချနိုင်တော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းအမျိုးသားကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးအရေးယူမှုလုပ်ပေးစေချင်ကြောင်း နောက်ထပ်မြို့ခံ တစ်ဦးက ဆိုပါတယ်။
”လူထုတွေနဲ့ ထိတွေ့မှု လုပ်နေရတဲ့ အဲဆရာဝန်အလုပ်ကို ပေးမလုပ်စေချင်တော့ဘူး။ ကျနော်တို့အတွက် မလုံခြုံနိုင်ဘူး” လို့ ပြောပါတယ်။
ဒါ့ကြောင့် တန့်ယန်းဒေသခံတွေက ၎င်းဆရာဝန်ရှိတဲ့ မိုင်ဆုန်ဆေးရုံမှာ ဆေးမကုသဖို့နဲ့ အထူးဂရုစိုက်ကြဖို့ လိုအပ်ကြောင်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
အဲအောင်ဖြိုးနိုင်ဆိုသူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ် ခွဲစိတ်ဆရာဝန်ကနေ CDM ပြုလုပ်ထားသူဖြစ်ပြီး လက်ရှိ စစ်ကောင်စီထိန်းချုပ်တဲ့ တန့်ယန်းမြို့မှာ အလုပ်ပြန်လုပ်နေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။