မိုင်းပန်ပျော်၊ ဇူလိုင် ၂၂ ရက်၊ နမ့်ဆန်
တအာင်းတပ် – TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်–မိုင်းငေါ့လမ်းပိုင်းမှာ မိုးရာသီအတွင်း ကားကြီးတွေ သွားလာတာများလာတဲ့အတွက် လမ်းတွေဆိုးဆိုးရွားရွား ပျက်စီးနေပြီး ဒေသခံတွေအတွက် သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပန်စရီကျေးရွာနဲ့ မြို့သစ်ကျေးရွာကြား လမ်းပိုင်းမှာ ရွံ့တွေထူထပ်နေပြီး ကားသေးနဲ့ ဆိုင်ကယ် သွားလာဖို့ ခက်ခဲနေပြီး တချို့နေရာတွေမှာ ရွံ့တွေက နေအိမ်ဝင်းနဲ့ အိမ်ထဲအထိ ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မိုးရာသီမှာ ကားကြီးတွေ သွားတာများလို့ လမ်းတွေပျက်ကုန်တာ။ အခုဆိုရင် ကားသေးနဲ့ ဆိုင်ကယ်တောင် သွားလို့မရချင်တော့ဘူး။ ရွံ့တွေက အိမ်ထဲအထိ ဝင်လာတယ်” လို့ ပန်စရီကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီလမ်းကို မိုးကုတ်ဘက်သွားတဲ့ ကုန်တင်ကားတွေနဲ့ မိုင်းငေါ့ဒေသက ရွှေလုပ်ငန်းတွေအတွက် ဘတ်ဖိုးတင်တဲ့ ကားကြီးတွေ အများဆုံး အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။
လမ်းပျက်နေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းသွားဖို့ ခက်နေသလို လူနာတွေကို နမ့်ဆန်မြို့ဘက် ပို့ဆောင်ရတာလည်း အခက်အခဲရှိနေပါတယ်။
ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရတာ ခက်လာတဲ့အတွက် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်က မြို့သစ်ကနေ နမ့်ဆန်ကို တစ်နာရီခွဲလောက်ပဲ သွားရတယ်။ အခုတော့ သုံးနာရီကနေ လေးနာရီလောက်အထိ ကြာနေတယ်။ ဖိုးဝီကားတွေတောင် တချို့နေရာမှာ ဆွဲထုတ်ရတဲ့အခြေအနေရှိတယ်” လို့ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
ဒေသခံတွေကတော့ လက်ရှိမှာ လမ်းမပြင်နိုင်သေးရင် တန်ချိန်များတဲ့ ကားကြီးတွေနဲ့ ဘတ်ဖိုးတင်ကားတွေကို ယာယီကန့်သတ်ပေးစေချင်တယ်လို့ တောင်းဆိုနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။