ရွှေဖီမြေ၊ မတ်လ ၁၆ ရက်
စစ်ရေးပဋိပက္ခကနေ လူမျိုးရေးပဋိပက္ခ ဦးတည်တဲ့လုပ်ရက်တွေကို ချက်ချင်းရပ်ပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် (TCSO) က ထုတ်ပြန်တောင်းဆိုထားပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ချက်ခြင်းရပ်ပြီး စာပွဲဝိုင်းပေါ်မှာ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့၊ စစ်ရေးပဋိပက္ခကို ပြင်းထန်စွာ ဆက်တိုက်ခံစားခဲ့ရတဲ့ လူထုတွေကို မျက်နှာမူကာ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို အလေးထား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးဖို့ TCSO က တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ရေးပဋိပက္ခကနေတစ်ဆင့် လူမျိုးရေးပဋိပက္ခကို ဦးတည်တဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဦးတည်ဖို့ကိုလည်း နှစ်ဖက်အဖွဲ့ကို တောင်းဆိုထားပါတယ်။
အခုလို စစ်ရေးပဋိပက္ခတွေကြောင့် လူထုတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လမ်းကြောင်းတွေကို ထိခိုက်စေတဲ့အပြင် စစ်အာဏာရှင်တွေအတွက် အခွင့်အလမ်းဖြစ်စေနိုင်ပြီး နွေဦးတော်လှန်ရေးအတွက်လည်း များစွာ စိန်ခေါ်မှုဖြစ်စေနိုင်တယ်လို့ ဖော်ပြပါတယ်။
မနေ့ မတ်လ ၁၅ ရက်မှာ နမ့်ဖတ်ကာ ရပ်ကွက် (၄) က တအာင်းလူမျိုးတွေရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ဝင်ရောက်စစ်ဆေးပြီး ဒေသခံလူငယ်တချို့နဲ့ ကျောင်းသားတချို့ကို နောက်ပြန်ကြိုးတုတ်ပြီး ပြင်းထန်စွာရိုက်နှက်ခဲ့သလို ဖမ်းဆီးသွားခေါ်ဆောင်သွားတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။