သုတ၊ မတ်လ ၁၅ ရက်၊ ကွတ်ခိုင်
တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA တို့ရဲ့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ခံတွေ တိုက်ပွဲကြား ပိတ်မိနေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အနီးရှိ တအာင်းတပ်ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဒီနေ့ မတ်လ ၁၅ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ညီနောင်မဟာမိတ် ၂ ဖွဲ့ တိုက်ပွဲကြောင့် ဒီနေ့အထိ အရပ်သားထိခိုက်သေဆုံးမှု မရှိသေးပေမယ့် ကိုးကန့်တပ်ဘက်က ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
” ရှောင်လို့ မရဘူး။ ကိုယ့်အိမ်ကိုမှာဘဲ နေကြတယ်။ အခုဗျူဟာကုန်းနားဖြစ်တာဆိုတော့ ရပ်ကွက်- ၁၊ ၂ က အန္တရာယ်များတာပေါ့” ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ နေ့လည်ပိုင်းအထိ ကွတ်ခိုင်မြို့ရဲ့ နေရာအများစုကို ကိုးကန့်တပ်ဘက်က ထိန်းချုပ်ထားပြီး TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
မနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို့ (၁၀၅) မိုင်၊ နမ့်ဖတ်ကာ၊ မုံးစီး စတဲ့ နေရာ ၅ ခုထက်မနည်းမှာ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တအာင်းတပ်ဘက်ကတော့ MNDAA နဲ့ တအာင်းတပ်တို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးနဲ့ ကြိုးစား အဖြေရှာသွားမယ်လို့ မနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကိုးကန့်တပ်ဘက်တော့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို တအာင်းတပ်ဘက်က တာဝန်ယူရမယ်လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။