အလင်း၊ ဧပြီလ ၆ ရက်၊ ဖလမ်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲတွေမှာ သေဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကလေးမြို့ စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ဖလမ်းမြို့နယ်ကို ပြန်လည်စိုးမိုးနိုင်ရေး ကလေးမြို့မှတဆင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီသေဆုံးခဲ့တဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်က ဧပြီလ ၄ ရက်နေ့ ညနေပိုင်းမှာ ကလေးမြို့ရှိ ကုတင် (၁၀၀) ဆံ့ စစ်ဆေးရုံကို အရပ်သားသုံး မော်တော်ယာဉ်တွေကို အသုံးပြုပြီး သယ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။
“ဖလမ်းမြို့နယ်ဘက်ကနေ ဆင်းလာကြတဲ့ စစ်ကားတွေကို လမ်းတစ်ဝက်မှာ ကလေးမြို့ (ဒစက) ကနေ အရပ်သားတွေ အသုံးပြုတဲ့ ကားတွေနဲ့ အလောင်းတွေ၊ ဒဏ်ရာရ ရဲဘော်တွေကို စစ်ဆေးရုံကို သယ်သွားတာပါ။ တစ်လမ်းလုံး အပုတ်နံတွေ ထွက်နေတယ်” လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီလို သယ်ဆောင်ရာမှာ စစ်ကောင်စီဘက်က မိုးကာတွေနဲ့ အထပ်ထပ် ဖုံးအုပ်ထားပေမဲ့ ကလေးမြို့ တာဟန်းရပ်ကွက် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းစဉ် ထွက်ပေါ်လာတဲ့ ပုပ်စော်နံနေတဲ့ အနံ့အသက်တွေ ထွက်နေတယ်လို့ သိရပါတယ်။
“စစ်သားတွေက သတင်းဖုံးချင်လို့ အလောင်းတွေကို အမိုးတွေနဲ့ ဖုံးအုပ်ပြီး သယ်ဆောင်လာတာပါ။ ဒါပေမဲ့ ကားပေါ်က ထွက်လာတဲ့ အပုတ်အနံတွေက အရမ်းသိသာတယ်။ တစ်ရပ်ကွက်လုံး လူသေတဲ့ အပုတ်အနံတွေ စွဲသွားတယ်။” လို့ အထက်ပါ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ဆက်ပြောပါတယ်။
ဖလမ်းမြို့ တိုက်ပွဲမှာ သေဆုံးတဲ့ စစ်ကောင်စီ ရုပ်အလောင်းတွေ အများစုကို ရှေ့တန်းမှာ မြေမြှုပ် သဂြိုလ်လေ့ရှိပေမဲ့ အခုအခါ ထိခိုက်သေဆုံးမှုမှာ အရာရှိတွေ ပါလာနိုင်တာကြောင့် ကလေးမြို့ကို သယ်ဆောင်လာတာဖြစ်နနိုင်တယ်လို့ ချင်းစစ်ရေးသတင်းအရင်းမြစ်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။
လက်ရှိ ဖလမ်းမြို့နယ်အတွင်း နှစ်ဖက်စစ်ရေး တင်းမာမှုတွေမှာ အရှိန်မြင့်တက်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ခဲယမ်းတွေ၊ စစ်ကူအင်အားတွေ လေကြောင်းကနေ အဆက်မပြတ် ပို့ဆောင်နေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။