ရွှေဖီမြေ၊ ဧပြီ ၉ ရက်၊ မြင်းခြံ
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း အရပ်သား ၈ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်- PDF ရဲ့ တပ်ဖွဲ့ဝင် ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ ၄ ရက်အထိ အိမ်ခြေ ၃၆၀ နီးပါးရှိတဲ့ ဖက်ပင်အိုင်ရွာကို စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပျူစောထီး အင်အား ၃၀၀ ဝန်းကျင်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သေနတ်နဲ့ ပစ်ခတ်မှုအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦး သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖက်ပင်အိုင်ရွာရဲ့ နေအိမ် ၂၁၀ လုံးကို မီးရှို့ခဲ့တဲ့အပြင် ကျပ်သိန်းပေါင်း ၈ သောင်းနီးပါးရှိတဲ့ ဆေးရွက်ကြီး သိုလှောင်ရုံကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားနေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာဖြစ်တယ်လို့ NUG က ဆိုပါတယ်။
စစ်တပ်ဘက်ကတော့ မြင်းခြံမြို့နယ်မှာ အရပ်သားတွေ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနဲ့ အရပ်သား (၇,၉၆၆)ဦး သေဆုံးခဲ့တယ်လို့ မနေ့ ဧပြီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။