ဆုမွန်၊ စက်တင်ဘာ ၁ ရက်၊ ရှမ်းတောင်
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSထံ ရောက်ရှိသွားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။
ရှမ်းတောင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ လှုပ်ရှားနေတဲ့ PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို RCSS က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး မနေ့ ဩဂုတ် ၃၁ ရက်မှာတော့ စစ်ကောင်စီနဲ့ PNO ဆီ လွှဲပြောင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ” RCSS က တော်လှန်ရေးရဲဘော်ကိုဖမ်းတယ်။ လက်နက်သိမ်းတယ်။မနေ့ နားဟီးကျေးရွာမှာ တော်လှန်ရေးရဲဘော်နဲ့ သူတို့မိသားစုဝင်တွေကို စစ်ကောင်စီနဲ့ PNOဆီ လွှဲပြောင်းပေးတယ်။ လက်နက်တွေက RCSS ပဲ သိမ်းထားပြီး လူတွေကိုပဲ PNO ဆီပြန်လွဲပေးတယ်”
PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေ လွဲပြောင်းပေးတာကြောင့် PNO က RCSS ကို ငွေ သိန်း ၃ ထောင် ပေးခဲ့တယ်လို့ အဆိုပါအမျိုးသားက ပြောပေမယ့် ရွှေဖီမြေက အတည်မပြုနိုင်ပါဘူး။
ကဒူးကြီးဒေသရှိ PNLA တပ်သားအချို့နဲ့ ၎င်းတို့ရဲ့ မိသားစုဝင်စုစုပေါင်း ၇၈ ဦးတို့ဟာ RCSS တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း RCSS သတင်းနဲ့ ပြန်ကြားရေးက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။