ပ၊ ဩဂုတ် ၁၇ ရက်၊ မုံးစီး
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသက တအာင်းတပ်- TNLA ရဲ့ တပ်သားဟောင်းနဲ့ ရွာခံ စုစုပေါင်း ၇ ဦးကို ကိုးကန့်တပ်- MNDAA က ဖမ်းဆီးသွားကြောင်း ဖြစ်စဉ်သိရှိတဲ့ သတင်းအရင်းအမြစ် အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်မှာ မုံးစီးဒေသ ပန်းချမ်းရွာရှိ အသက် ၃၀ ဝန်းကျင်အရွယ် TNLA တပ်သားဟောင်း ၆ ဦးနဲ့ ရွာခံအမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
သတင်းအရင်းအမြစ်တစ်ဦးက “သူတို့ဘာကြောင့် ဖမ်းသွားတာလဲတော့ မပြောတတ်ဘူး။ ကွတ်ခိုင်ဘက် ခေါ်သွားတာ။ အခုထိတော့ ပြန်မလွတ်သေးဘူးလို့ပြောတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဦးအိုက်ကျန်း၊ ဦးအိုက်မော၊ ဦးအိုက်ခမ်း၊ ဦးအိုက်ယွန်း၊ ဦးဆိုင်ပူ၊ အိုက်ကြေးနဲ့ ရွာခံအမျိုးသား အိုက်ကာတို့ ဖြစ်ပါတယ်။
အလားတူ မုံးစီး၊ တာမိုးညဲနဲ့ တက္ကနိုင်း စတဲ့နေရာက TNLA တပ်သားဟောင်းနဲ့ ဒေသခံ အမျိုးသားတွေကို MNDAA က မကြာခဏ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ကလည်း မုံးစီးနဲ့ တာမိုးညဲက ဒေသခံ အမျိုးသား ၆ ဦးကို စစ်မှုထမ်းဖို့ ကိုးကန့်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။