လက်ဖက်မြေ၊ ဧပြီ ၂၁ ရက်၊ နောင်ချို
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ အမျိုးသား ၁ ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်ခဲ့ရတယ်လို့ ဒိီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မြက်ခြင်းနုရွာက အသက် ၃၃ နှစ်အရွယ် ဦးကျော်ရဲလွင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်က ကြံသွားခုတ်တဲ့ ကြံခင်းထဲမှာပဲ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက”ဘယ်ခြေထောက်တစ်ဖက်ပြတ်သွားတာ။ ဒဏ်ရာရတာကတော့ တော်တော်ပြင်းတာ။ ဒီရွာဆိုတာလည်း တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ရွာလေးပါ။ အဲကြောင့် ဒီဘက်ဒေသမှာက မကြာခဏ မိုင်းနင်းမိတာတွေ ဖြစ်နေတာလေ”လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသားဟာ ပြင်ဦးလွင်မြို့က ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း နောင်ချိုမြို့နယ် ယာပြင်ရွာမှာလည်း မိုင်းကို ပေါက်မိရာကနေ ပေါက်ကွဲလို့ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ နေရာတွေထဲက နောင်ချိုမြို့နယ် မြက်ခြင်းနုကျေးရွာလည်း ပါဝင်တာကြောင့် အခုလို မြေမြှုပ်မိုင်း နင်းမိတာတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်း လူထုတွေက ပြောဆိုနေကြပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေး ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၂၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။