ပပ၊ ဇွန်လ ၂ ရက်၊ နောင်ချို
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိသူတွေ များလာတာကြောင့် သက်ဆိုင်ရာက တာဝန်ရှိသူတွေအနေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေကြကြောင်း သိရပါတယ်။
နောင်ချိုမြို့နယ်က ဒေသခံတွေဟာ ခြံရှင်းရင်း မိုင်းနင်းမိတာ၊ အလုပ်သွားရင်း မိုင်းနင်းမိတာတွေနဲ့ နေအိမ်ခြံဝန်းအတွင်း ရှင်းလင်းရင်း မိုင်းနင်းမိတာတွေ ဆက်တိုက်ဆိုသလို ရှိနေပြီး ထိခိုက်ဒဏ်ရာရတာတွေအပြင် အသက်သေဆုံးရတဲ့အထိ ဖြစ်ပွားနေတယ်လို့ ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကူညီပေးနေသူ အမျိုးသားက “ကျနော်တို့ကတော့ ဒီမိုင်းတွေကို အမြန်ဆုံး ရှင်းပေးဖို့ နည်းပညာသိသူတွေကိုဘဲ ရှင်းပေးဖို့ ပြောချင်ပါတယ်။ မဟုတ်ရင် လူတွေ ထပ်သေပေးနေရအုံးမယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအပြင်းထန်ဆုံးနဲ့ အချိန်အကြာဆုံးဖြစ်ပွားခဲ့တဲ့ နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးအနားနဲ့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေ ရာချီရှိပြီး ရှိနေသေးကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။
ပေါက်ကွဲပြီးတဲ့ မြေမြှုပ်မိုင်းတွေအပြင် မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေလည်း တောတောင်နဲ့ လယ်ယာမြေတွေထဲမှာ အများအပြားရှိနေသေးတာကြောင့် လယ်ယာတွေကို ပစ်ထားရတဲ့အထိရှိကြောင်း နောက်ထပ် ကုလားကွဲဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
”ဘယ်အဖွဲ့က ထောင်ခဲ့တဲ့ မိုင်းဖြစ်ပါစေ။ ဘယ်အဖွဲ့ရဲ့ ပစ္စည်းတွေ ဖြစ်နေပါစေ။ ကျနော်တို့ ရွာသားတွေကတော့ ကြောက်ရတယ်။ သေစေတယ်လေ။ အဲတာကြောင့် ကျနော်တို့ကို ကူညီတဲ့အနေနဲ့ မိုင်းတွေကို လာဖြုတ်ပေးကြပါ”
နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA၊ ပူးပေါင်းတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ တောင်ခမ်းတိုက်ပွဲအပြီး ဒေသခံ ၅၀ ကျော် မိုင်းနင်းမိခဲ့ကြောင်း ပရဟိတအသင်းတစ်ခုရဲ့ အချက်အလက်က ဆိုထားပါတယ်။
ရွှေဖီမြေ လက်လှမ်းမှီသလောက် ကောက်ယူပြုစုထားတဲ့ စာရင်းအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မေလ ၅ လ အတွင်း ရှမ်းမြောက်မှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရွှေဖီမြေစာရင်းအရလည်း ထိခိုက်သေဆုံးခဲ့ရသူတွေထဲမှာ နောင်ချိုမြို့နယ်က အများဆုံးဖြစ်ပါတယ်။
နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှာ တအာင်းတပ် TNLA နဲ့ ဓနုတပ် DPLA တို့က ထိန်းချုပ်နိုင်ခဲ့ပြီး ၁ နှစ်အကြာ ၂၀၂၅ ဇူလိုင်လ ၁၆ ရက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။