ဆုမွန်၊ မေလ ၁ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ မေလ ၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ရှိတဲ့ မိုင်းအိုက်မောက်နဲ့ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ အိုက်လဝတို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက “သူတို့ဘယ်ကနေ ယူလာတာလဲတော့ မသိရဘူး။ အိုက်လဝရဲ့ အခန်းထဲမှာ သူတို့နှစ်ယောက်ထိုင်ပြီး ဆော့လို့ထင်တယ်။ ဆော့ရင်းနဲ့ ပေါက်ကွဲသွားတာ နှစ်ယောက်လုံး သေသွားတယ်။ အခန်းထဲမှာ သူတို့နှစ်ယောက်ပဲရှိတယ်။ မပေါက်ကွဲသေးတဲ့ အလုံးတွေလည်းရှိသေးတယ်။ အလုံးအကြီးတွေပဲ။ ထပ်ပေါက်ကွဲမှာစိုးလို့ အထဲကို ကိုးကန့်တွေက ဘယ်သူမှ ပေးမဝင်ဘူး” လို့ ပြောပါတယ်။
ပေါက်ကွဲသွားတဲ့ ဗုံးအမျိုးအစားကို သေချာမသိရသေးပဲ သေဆုံးသွားတဲ့ အိုက်လဝရဲ့ အခန်းထဲမှာ မပေါက်ကွဲပဲ ဗုံး ၅ လုံးထက်မနည်း ကျန်ရှိနေသေးပြီး အဲဒီဗုံးတွေကိုလည်း MNDAA တပ်က လာရောက်ရှင်းလင်းပေးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကလည်း ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာ ရုံးဝန်းထဲမှာ လက်ကျန် ဒရုန်းဗုံး ပေါက်ကွဲမှုဖြစ်လို့ ကလေး ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကိုရင်တစ်ပါးက လက်ပစ်ဗုံးတစ်လုံး ကောက်ယူဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။