ပပ၊ ဇူလိုင် ၁ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အိမ်ရှေ့ တပ်ဆင်ထားတဲ့ CCTV နဲ့ မီးသီး မီးလုံးတွေပါ ခိုးယူခံနေရတဲ့အထိ သူခိုးတွေ ဆိုးဆိုးရွားရွား သောင်းကြမ်းနေကြကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညပိုင်းနဲ့ မနေ့ ဇွန်လ ၃၀ ရက် ညပိုင်းမှာ မူဆယ်မြို့ ပြည်ထောင်စု လမ်းမပေါ်ရှိ CB ဘဏ်အနီးက ဆိုင်ခန်းနဲ့နေအိမ်ရှေ့ တပ်ဆင်ထားတဲ့ CCTV ၃ လုံးနဲ့ မီးလုံး ၄ လုံး ခိုးယူခံခဲ့ရပါတယ်။
အိမ်ရှင်အမျိုးသမီးက “အရင်က ခိုးတာတွေဘာတွေ ဖြစ်တာက ရပ်ကွက်တွေနဲ့ လမ်းကြားတွေမှာပဲ ကြားဖူးတာ။ အခုက လူသွားလူလာ မပြတ်တဲ့ မိန်းလမ်းမှာ ဖြစ်တာဆိုတော့ တအားဆိုးလာပြီ ကြောက်လာပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် အိမ်ရှေ့နဲ့ လမ်းဘေးမှာထားတဲ့ ဆိုင်ခန်းရှိ ကော်ခုံ၊ သံခုံတွေပါ ခိုးယူခံနေရသလို ခြံဝန်းအတွင်းရှိ ပစ္စည်းတွေပါ ခိုးယူခံနေရကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုပါတယ်။
အလားတူ လမ်းဘေး၊ အိမ်ရှေ့ စတဲ့နေရာမှာ ခဏတာ ရပ်ထားတဲ့ ဆိုင်ကယ်နဲ့ကားတွေလည်း မကြာခဏ ခိုးယူခံနေရတဲ့အပြင် လုယက်ခံရတာ၊ ဓားပြတိုက်ခံရတာလည်း မူဆယ်မှာ ဖြစ်ပွားနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓားပြတိုက်ခံရသူနဲ့ ပစ္စည်းခိုးယူခံနေရတဲ့သူတွေဟာ စစ်တပ်နဲ့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပေမဲ့ အရေးတယူ ဆောင်ရွက်ပေးတာ မရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့မှာ စစ်တပ်အပြင် ပြည်သူ့စစ်ပေါင်းစုံ ရှိနေပြီး မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေလည်း များလွန်းတာကြောင့် ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။