ရွှေဖီမြေ၊ ဇွန်လ ၂၅ ရက်၊ မိုင်းလုံ
မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ မိုင်းလုံမြို့ကြားက စစ်ကောင်စီတပ်ရဲ့ ပန်းမထိမ်ဂိတ်မှာ ကုန်တင်ကားတွေဟာ တစ်လကျော် ကြာတဲ့အထိ ပိတ်မိနေတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ရှိ စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ပန်မထိမ်ဂိတ်မှာ ကျောက်မဲမြို့နယ် မိုင်းလုံမြို့ကနေ တက်လာတဲ့ ကုန်ကားတွေကို ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းတာတွေလည်း ရှိတယ်လို့ ၎င်းရဲ့ ပြောပြချက်အရ သိရပါတယ်။
မိုင်းလုံကနေ မိုးကုတ်ဘက် စားသောက်ကုန်တချို့နဲ့ လူသုံးကုန်ပစ္စည်း တင်လာတဲ့ ကုန်ကားတွေကို မိုးကုတ်မြို့အဝင်နားက ပန်းမထိမ် စစ်ဆေးရေးဂိတ်မှာ စစ်တပ်က တစ်လကျော်ကြာ ပေးမဖြတ်တာကြောင့် ကုန်ကားတွေက ပိတ်မိနေတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိတဲ့ အဆိုပါ အမျိုးသားက “မိုင်းလုံဘက်လာတဲ့ ကုန်ပစ္စည်းတင်လာတဲ့ ကားတွေကိုတော့ မိုးကုတ် ပေးမတက်တာ တစ်လလောက်ရှိပြီ။ မိုးကုတ်အဝင် ပန်းမထိမ်ဂိတ်နားမှာ ပေးမဖြတ်တာ။ တချို့ကလည်း လမ်းမှာပဲ နေကြတယ်။ တချို့ကလည်း ပြည်လှည့်သွားတယ်။ အဲဘက်ကလာတဲ့ ပစ္စည်းတွေ ဖြတ်တောက်တာ” လို့ ရွှေဖီမြေသို့ ပြောပါတယ်။
ပိတ်မိနေတဲ့ ကုန်ကားတွေရဲ့ အရေအတွက်ကို သေချာမသိရဘူးလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်ဆိုပြီး ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ကနေ တရုတ်ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်ကားတွေကို စစ်တပ်က လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမပေါ်မှာ စစ်ဆေးမှု တင်းကြပ်ပြီး ဆက်တိုက် ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
ဖမ်းဆီးစစ်ဆေးမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကုန်ကားနဲ့ ကားသမားတချို့ ရှိနေပြီး တချို့လည်း ငွေနဲ့ ရွေးထုတ်လို့ ပြန်လွှတ်လာတာ ရှိသလို တချို့ကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲလို့ ကားသမားတွေဆီက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။