မိုင်းပန်ပျော်၊ ဩဂုတ် ၂၅ ရက်၊ မိုင်းငေါ့
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့နယ်၊ ဟဲခမ်းကျေးရွာအနီး နမ့်မီချောင်းမှာ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေဆင်းကစားရာကနေ ရေနစ်သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးငယ် ၃ ဦးဟာ ဟဲခမ်းကျေးရွာအနီး နမ့်မီချောင်းမှာ ရေဆင်းကစားရာကနေ တစ်ဦး ရေနစ်ပြီး ပျောက်ဆုံးသွားခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သူတို့သုံးယောက်က အဲချောင်းထဲမှာ ရေဆင်းဆော့ရင်းနဲ့ တစ်ယောက် ရေနစ်ပြီး ပျောက်သွားတာ။ တမြန်မနေ့တုန်းကမှ သူ့အလောင်းကို သစ်ပင်အောက်မှာ ပြန်တွေ့တာ” လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကိုတော့ ကျေးရွာတာဝန်ရှိသူတွေနဲ့ TNLA ရဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေခဲ့ပြီး ဩဂုတ်လ ၂၃ ရက်နေ့မှာ သစ်ပင်အောက်မှာ ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ရေနစ်သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ အသက် ၁၅ နှစ်အရွယ် မောင်မျိုးမြင့်ဖြစ်ပြီး နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာက ကလေးငယ်တစ်ဦး ဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း လားရှိုးမြို့၊ ရပ်ကွက် ၁ အတွင်းရှိ ရဲဘော်ဟောင်းကျောက်တောင်မှာ အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာမှာ ဆီလီကွန်ကျောက်တူးဖော်တဲ့နေရာရှိ ရေတွင်းထဲကို အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။