အလင်း၊ ဧပြီလ ၃၀ ရက်၊ ဖလမ်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Thanhniar ကျေးရွာမှာ အသက် (၇၀) အရွယ် အဘွားအိုတစ်ဦးကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ဖလမ်းမြို့နယ်၊ ဖလမ်း – ဟားခါး လမ်းပေါ်ရှိ Thanhniar ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်ပြီး ရွာခံတွေအားလုံး ထွက်ပြေးကြချိန် ကျန်ရစ်ခဲ့တဲ့ အဘွားအိုတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “အဘွားက ကျန်းမာရေး မကောင်းဘူး။ အသက်လည်း ကြီးပြီ။ အဲဒါကြောင့် ထွက်မပြေးနိုင်ဘဲ ရွာထဲမှာ ကျန်ခဲ့တာပါ။ နောက်ပြီး အသက်ကြီးပြီးဆိုတော့ ဘာမှမလုပ်လောက်ဘူးအထင်နဲ့ပါ။” လို့ ရွှေဖီမြေသို့ ပြောပါတယ်။
ရွာခံတချို့က တိရစ္ဆာန်အစာကျွေးဖို့ ရွာထဲပြန်ဝင်စဉ် အဘွားအိုတစ်ဦးရဲ့ နေအိမ်အတွင်းမှ အော်ဟစ်သံတွေ ကြားခဲ့ရပေမယ့် စစ်ကောင်စီတပ်ရဲ့ ရန်ကို ကြောက်တာကြောင့် အနားသို့ မသွားရဲဘဲဖြစ်နေတယ်လို့ သိရပါတယ်။
“ရွာသားတွေ မနေ့ ဧပြီလ ၂၉ ရက်နေ့၊ မနက်က ရွာထဲကို ပြန်ဝင်လာကြည့်တဲ့အခါမှာ အဘွားအိုက သူ့ရဲ့အိမ် ကုတင်ပေါ်မှာတင် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတာပါ။” လို့ နောက်ထပ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီသေဆုံးနေတဲ့ အဘွားအိုရဲ့ ရုပ်အလောင်းအနေအထားအရ မသတ်ခင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်သွားတဲ့ လက္ခဏာတွေကို တွေ့ရပြီး နဖူးကိုလည်း သေနတ်နဲ့ ပစ်သတ်တဲ့ ဒဏ်ရာတွေကိုပါ တွေ့ရတယ်လို့ သိရပါတယ်။
ရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာကြောင့် ရွာခံတွေက အဘွားအိုရဲ့ ရုပ်အလောင်းကို သွားရောက်သယ်ယူပြီး သင်္ဂြိုဟ်တာတွေ ပြုလုပ်ဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။