အလင်း၊ မေလ ၆ ရက်၊ ဖလမ်း
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ဘေးရှောင်နေတဲ့ Non-CDM ဝန်ထမ်း ၁၀၀ ကျော်ဟာ ဒီနေ့ မေလ ၆ ရက် မနက်ပိုင်းမှာ ချင်းပြည်နယ် ဖလမ်းမြို့မှာ တာဝန်ထမ်းဆောင်ဖို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Non-CDM ဝန်ထမ်းတွေဟာ ပထမအသုတ်အနေနဲ့ ကလေးမြို့မှ ကလေး-သိုင်းငင်း ကားလမ်းအတိုင်း ကား၊ ဆိုင်ကယ် အသုံးပြုပြီး ဖလမ်းမြို့ဘက် ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။
Non-CDM ဝန်ထမ်းတွေကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစကမှူး)က ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာ ခေါ်ယူတွေ့ဆုံပြီး အထက်ညွှန်ကြားချက်အရ ဖိအားပေး စေခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“စစ်ကောင်စီတပ်က ဖလမ်းမြို့ ပြန်ရပြီးနောက် ကလေးမြို့မှာ စစ်ဘေးရှောင်တဲ့ Non-CDM တွေ တာဝန်ပြန်ထမ်းဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။ အဲ Non-CDM တွေက စစ်ကောင်စီဆီက လစာတွေကို ယူထားသူတွေဖြစ်တယ်” လို့ Non-CDM နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒီနေ့မနက် ဖလမ်းမြို့ကို ထွက်ခွာလာကြတဲ့ Non-CDM ဝန်ထမ်းတွေကို စစ်တပ်က ကလေး-ဖလမ်း ကားလမ်းတလျှောက် လုံခြုံရေး ဆောင်ရွက်ပေးနေသလို ၎င်းတို့ကားတွေကို အသုံးပြုပြီး ပို့ဆောင်ပေးနေပါတယ်။
“ကိုယ့်အစီအစဉ် ဆိုင်ကယ်တွေနဲ့ သွားကြတာတွေရှိသလို တချို့က ကားတွေနဲ့ သွားကြတာလည်းရှိတယ်။ ကားလမ်းတလျှောက်ကိုတော့ စစ်သားတွေက ထိန်းချုပ်ထားပြီး သူတို့ပဲ လုံခြုံရေး ယူပေးတယ်” လို့ Non CDM တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဖလမ်းမြို့မှာ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့ လေကြောင်း တိုက်ခိုက်မှု စစ်ကြောင်းထိုးမှု လုပ်ဆောင်ခဲ့ပြီးနောက် အခုလို ဝန်ထမ်းတွေ ပြန်လည် စေလွှတ်ခဲ့တာပါ။
လက်ရှိ ဖလမ်းမြို့နယ်အနီးတစ်ဝိုက် ကျေးရွာတွေမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။