ဝတ်ရည်၊ မေလ ၆ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခံရတာကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မေလ ၆ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲဝန်းကျင်မှာ ဝက်လက်မြို့နယ် စခန်းသာရွာအနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“၃ ကြိမ်လောက် လာချသွားတာ။ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၃ ကြိမ် လာချသွားတာဗျ။ သေဆုံးတာက ဒေသခံပြည်သူတွေပဲ။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးရှိပြီး နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ဟာ ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်းအပါအဝင် စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက နယ်မြေတွေဘက် မြေပြင်ထိုးစစ် ဆက်တိုက် လုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုလည်း လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှု နေ့စဉ်လိုလို ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။