ရွှေဖီမြေ၊ ဧပြီ ၃၀ ရက်
သမ္မတရာထူးရယူထားတဲ့ စစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်အမိန့်နဲ့ စစ်ကောင်စီတပ်ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အကျဉ်းသူ၊အကျဉ်းသား ၁၅၁၉ ဦးကို ဒီနေ့ ဧပြီ ၃၀ ရက် နက်ခင်းပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲထဲမှာ နိုင်ငံခြားသားအကျဉ်းသူ၊အကျဉ်းသား ၁၁ ဦးလည်းပါဝင်ပြီး ၎င်းတို့ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ဖော်ပြထားပြီး ပြန်လွှတ်ပေးတဲ့ရာဇဝတ်သားအားလုံးဟာ ဘယ်လိုပြစ်မှုကျူးလွန်ထားတဲ့ရာဇဝတ်သားတွေလဲဆိုတာတော့ အသေးစိတ်ဖော်ပြထားတာ မရှိပါဘူး။
ပြန်လွှတ်ပေးတဲ့ အကြောင်းအရင်းတွေကတော့ ၁၃၈၈ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးအထိမ်းအမှတ်အနေနဲ့သော်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားခြင်းအားဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနဲ့စေတနာကို နားလည်စေဖို့ဆိုပြီး ဆိုထားပါတယ်။
သမ္မတရာထူးရယူထားတဲ့ စစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်ဟာ ၎င်းအာဏာသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ မတရားဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံ၊ ဥရောပ သမဂ္ဂ (EU)၊ ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေရဲ့ တောင်းဆိုချက်ဖိအားတွေကို ကြုံနေရဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။