အလင်း၊ ဧပြီလ ၇ ရက်၊ ဖလမ်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်ဘန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားနှစ်ဦးကို ခဲယမ်းတချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
ဧပြီလ ၅ ရက်နေ့က ဖလမ်းမြို့နယ် လုမ်ဘန်ရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားနှစ်ဦးဟာ ခဲယမ်းတချို့နဲ့ ထွက်ပြေးလာစဥ် လမ်းတဝက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“လုမ်ဘန်ရွာမှာ တပ်စွဲတဲ့ စခန်းက တပ်သားနှစ်ယောက်ပါ။ သူတို့ကို ကြည့်ရတာ စစ်အရမ်းပန်းပုံရတယ်။ ကျနော်တို့ကို တွေ့တော့ အကူအညီမဲ့နေတဲ့ ပုံစံနဲ့ပါ။” လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီဖမ်းမိတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးမှာ ဦးသိန်းမင်းစိုးနဲ့ ဦးသိန်းဦးတို့ဖြစ်ကြပြီး ၎င်းတို့ထံမှ ကျည်ဘောက်၊ လက်ပစ်ဗုံး၊ ၅.၅၆ ကျည်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းမိရသူနှစ်ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်သိမ်းစောင့်ရှောက်ထားကြောင်းလည်း ဆိုပါတယ်။
“ကျနော်တို့ သူတို့ကို ဘေးကင်းတဲ့နေရာမှာ သေချာပြုစု စောင့်ရှောက်ထိန်းသိမ်းထားပါတယ်။ လိုအပ်တဲ့ အကူအညီတွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ။” လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ သူဖိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတစ်ဦးကို CNDF က ဖမ်းမိသလို မတ်လ ၂၈ ရက်နေ့ ဇောင်ကောင်ရွာအနီးမှာ စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားတစ်ဦးကိုလည်း CDF-CDM-Siyin က ဖမ်းမိခဲ့ပါတယ်။
ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြီး စိတ်ဓာတ်ပျက်ပြားကာ စစ်ကောင်စီတပ်သားတွေ ဆက်တိုက် ထွက်ပြေးမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။