ပို့လဘား၊ မေလ ၁၆ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၂ ရှိ ဆွယ်တော်ဖြူ ကုန်စုံဆိုင်မှာ ဝါယာကြိုး ရှော့ပ်ဖြစ်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မေလ ၁၆ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၁ နာရီခွဲကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကား ၂ စီးလုံးနဲ့ ဆိုင်ကယ် ၃ စီး လောင်သွားတယ်။ သူတို့ကုန်စုံဆိုင်က အကြီးကြီးပဲ။ ဘာမှ ယူချိန်မရလိုက်ဘူး အားလုံးလောင်သွားတယ်။ လူတွေ ဘာမှမဖြစ်လို့ တော်သေးတယ်”
မီးလောင်မှုကြောင့် တခြားနေအိမ်တွေ မီး ကူးစက်တာ မရှိဘဲ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ မေလ ၁၃ ရက် ည ၈ နာရီဝန်းကျင်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁၂ ရှိ ကုန်စုံဆိုင်တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပါတယ်။
မေလ ၁ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁၀ ဘက်မှာ နေအိမ်တစ်လုံ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။