ရွှေဖီမြေ၊ မေလ ၁၂ ရက်
မြေလတ်မြေအသံသတင်းဌာနအပါအဝင် Red News Agency နဲ့ Asia Citizens သတင်းဌာန ၃ ခုရဲ့လိုင်စင် ပိတ်သိမ်းကြောင်း စစ်ကောင်စီက မနေ့ မေလ ၁၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ အဲဒီသတင်းဌာန ၃ ခုဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ(၈)၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်တွေကို မလိုက်နာဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ထုတ်ဝေရေးသားခဲ့လို့ လိုင်စင်ပိတ်သိမ်းကြောင်း ဖော်ပြထားပါတယ်။
အဲဒီသတင်းဌာန ၃ ခုကို ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကစပြီး မီဒီယာအမျိုးအစားကို အသုံးပြုတာနဲ့ နည်းပညာတစ်ရပ်ရပ် အသုံးပြုပြီး ရေးသားထုတ်လွှင့်ခြင်း မပြုကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
စစ်ကောင်စီ လိုင်စင်ပိတ်သိမ်းတဲ့ သတင်းဌာနတွေထဲက မြေလတ်အသံနဲ့ Red News Agency သတင်းဌာန ၂ ခုဟာ အညာဒေသက စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဓိက ဖော်ထုတ်ရေးသားနေတဲ့သတင်းဌာန ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ လွတ်လပ်စွာ ရေးသားဖော်ပြနေကြတဲ့ သတင်းဌာနတွေကို လိုင်စင် ပိတ်သိမ်းတာအပါအဝင် သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်မှာလည်း Chin World၊ Khonumthung နဲ့ မျက်မှောက်ခေတ် သတင်းဌာန ၃ ခုကို လိုင်စင်ပိတ်သိမ်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းက သတင်းဌာန ၁ဝ ခုကျော်ဟာ လိုင်စင် ပိတ်သိမ်းခံပြီး အဲဒီအထဲမှာ ရွှေဖီမြေ သတင်းဌာနလည်း ပါဝင်ပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ- IPCM ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းမီဒီယာသမားဦးရေ ၂၀၀ ကျော် ရှိခဲ့ပြီး အဲဒီထဲမှာ ၁၈ ဦးက အကျဉ်းကျခံနေရဆဲ ဖြစ်တယ်လို့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ဖြစ်တဲ့ မေလ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။