ရွှေဖီမြေ၊ မေလ ၁၂ ရက်၊ လယ်ဒို
ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ KNU က မနေ့ မေလ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်က စစ်တပ်ဟာ သံဆိပ်ကနေ လက်ကောက်ဝရွာထဲ ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အသက် ၁၇ နှစ်အရွယ် နော်ရင်ကြည်၊ ၂၅ နှစ်အရွယ် နော်စိုးမိုးနဲ့ ၄၂ နှစ်အရွယ် စောမောင်လှတို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
မေလ ၅ ရက်ကလည်း လိမ်ပင်ဝဲရွာထဲ စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တစ်လုံးနဲ့ ကျေးရွာဘုန်းကြီးကျောင်း ၁ ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် မေလ ၂ ရက်ကလည်း မောတောင်မြို့ပေါ်ရှိ ကျေးရွာတစ်ရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာတာကြောင့် ၂ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။