ရွှေဖီမြေ၊ ဧပြီ ၁၀ ရက်
အာရက္ခတပ်တော်- ULA/AA ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားပြီး တိုင်းရင်းသားတွေအတွက် အတုယူဖွယ်ပြယုဒ် ဖြစ်တယ်လို့ တအာင်းတပ်မတော်- PSLF/TNLA က ဒီနေ့ AA တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အထိမ်းအမှတ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
AA ရရှိထားတဲ့ အောင်မြင်မှုတွေဟာ AA နဲ့ ရခိုင်လူထုတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စွန့်လွတ်အနစ်နာခံမှုတွေကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားတွေအတွက် အတုယူဖွယ် သက်သေပြယုဒ် ဖြစ်တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်တိုက်ပွဲတွေကို အတူဆင်နွှဲခဲ့ပြီး ချစ်ခင်ရင်းနှီးမှု မပျက်ဘဲ တော်လှန်ရေးရည်မှန်းချက် အောင်မြင်တဲ့အထိ အတူတကွ ကြိုးပမ်းသွားမယ်လို့ တအာင်းတပ်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒီနေ့ ဧပြီ ၁၀ ရက်မှာ ကျရောက်တဲ့ AA တည်ထောင်ခြင်း ၁၇ နှစ်ပြည့်နေ့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA အပြင် တခြားတော်လှန်ရေးတပ်တွေဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA စတဲ့အဖွဲ့တွေကလည်း သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုကို ထိန်းချုပ်ထားပြီး ရခိုင်-မကွေး၊ ရခိုင်-ဧရာဝတီအစပ်ဒေသတွေမှာအပြင် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တွေမှာလည်း စစ်တပ်နဲ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။