ပျားကြီး၊ ဧပြီ ၃၀ ရက်၊ မန္တလေး
မန္တလေးမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ လေပြင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးနဲ့ သစ်ပင်တချို့ ပြိုကျပျက်စီးမှု ရှိခဲ့ပြီး လူ ၁၀ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးသမားတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဧပြီလ ၂၉ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မန္တလေးမြို့ပေါ် အောင်မြေသာစံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ စတဲ့မြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
“လူသေဆုံးတာမျိုးတော့ မရှိဘူး။ ထိခိုက်ဒဏ်ရာရတာတွေတော့ ရှိတယ်။ အဓိကကတော့ အဆောက်အဦးနဲ့ သစ်ပင်တွေလဲတာရှိတယ်။ အခုထိ မနားရသေးဘူး။ ရှင်းလင်းရေးတွေ လုပ်နေရတုန်းပဲရှိသေးတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံ ပရဟိတအသင်းသားတစ်ဦးက ပြောပါတယ်။
ဧပြီလ ၂၉ ရက် ညနေ ၅ နာရီခွဲဝန်းကျင်က မိနစ် ၃၀ နီးပါးကြာမြင့်တဲ့ လေပြင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ အဆောက်အဦးနဲ့ သစ်ပင်တွေကို ဒီနေ့ မနက်ပိုင်းအထိ ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအသင်းတွေက ဖယ်ရှားရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
လေပြင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ အဆောက်အဦးအရေအတွက်နဲ့ ပျက်စီးမှုအခြေအနေတွေကိုတော့ လတ်တလော အတည်မပြုနိုင်သေးဘူးလို့ ဒေသခံအရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကလည်း ပုသိမ်ကြီးနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာ လေပြင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးနဲ့ သစ်ပင်တွေ ပြိုလဲခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။