ပပ၊ မေလ ၁၆ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့မှာ အမျိုးသားနဲ့ပါလာတဲ့ ၄ နှစ်အရွယ် ကလေးကို မိထွေးဖြစ်သူက ရိုက်နှက်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၂ ရက် နေ့လယ်ပိုင်းမှာ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်၊ နယ်မြေ ၁၊ ကျောက်ရေအိုးလမ်းမှာ အိမ်ငှားနေတဲ့ မသန္တာဝေဆိုသူက အမျိုးသား အလုပ်သွားချိန် ၄ နှစ်အရွယ် သားဖြစ်သူကို ရိုက်နှက်လို့ သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။
ရပ်ကွက်နေ အမျိုးသမီးက “သူက ဆေး ချတယ်လို့ ပြောကြတယ်။ ကျမတော့ သေချာမသိဘူး။ သူအရင်ကလည်း အဲကလေးကို ခဏခဏ ရိုက်ဖူးတယ်။ သူ့ယောက်ျားက မသိတာလားတော့ မသိဘူး” လို့ ပြောပါတယ်။
အလောင်းကို ဆာလာအိတ်နဲ့ ထုတ်ပိုးပြီး အဝတ်ပုံးထဲ ထည့်ထားပြီးတော့ ညပိုင်း လူမရှိချိန်မှာ အပြင်ဘက်ပစ်ဖို့ စီစဉ်ထားတယ်လို့လည်း မသန္တာဝေက ထွက်ဆိုထားကြောင်း သူမက ဆက်ပြောပါတယ်။
”ကလေးကို သေတဲ့အထိ ဖြစ်စေတာက တော်ရုံတန်ရုံစိတ်နဲ့တော့ မရဘူး။ ထမင်းကျွေးတာ မစားလို့ ရိုက်တာလို့လည်း ပြောတယ်။ အဲဒါကလည်း ရပ်ကွက်ကလူတွေ ပြောကြတာ”
ကလေးငယ်ကို မတွေ့ဘဲ ပျောက်ဆုံးနေတာကြောင့် အိမ်ရှင်ဖြစ်သူက မေးမြန်းချိန် မသန္တာဝေဟာ ကြောက်ရွံ့ပြီး မူ မမှန်တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားခဲ့ပြီးတော့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီးနောက် ဖြစ်စဉ်အမှန်ကို သိရကြောင်း အထက်ပါ အမျိုးသမီးက ပြောဆိုပါတယ်။
လက်ရှိမှာတော့ ကျူးလွန်သူ မသန္တာဝေကို တောင်ကြီး မြို့မရဲစခန်းမှာ ချုပ်နောင်ထားပြီး အမှုဖွင့်ထားကြောင်း သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၄ ရက်ကလည်း တောင်ကြီးရှိ Peter ဘားဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆိုင်ပိုင်ရှင်က ရိုက်နှက်လို့ သေဆုံးသွားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။