အလင်း၊ မေလ ၁၆ ရက်၊ ဟားခါး
ချင်းကာကွယ်ရေးတပ် (ဟားခါး)အထွေထွေ အတွင်းရေးမှူးနဲ့ ဒုဥက္ကဋ္ဌဟောင်းတို့အကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားရာကနေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒုဥက္ကဋ္ဌဟောင်း သေဆုံးသွားတယ်လို့ သိရပါတယ်။
မနေ့ မေလ ၁၅ ရက်မှာ CDF-Hakha ရဲ့ လက်ရှိ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ဇကျုံးလျန်နဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်း ဆန်လင်းတို့အကြား စကားများ ရန်ဖြစ်ရာကနေ အခုလို သေနတ်ပစ်ခတ်တဲ့အထိ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်ဟာ CDF-Hakha ဌာနချုပ် ရွှေ့ပြောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး နေအိမ် ဖျက်သိမ်းမှုအပေါ် အခြေခံရာကနေ စတင်ခဲ့တာလို့ သိရပါတယ်။
အရင်က ဆလိုင်း ဆန်လင်း နေထိုင်ခဲ့ပြီး လက်ရှိ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ဇကျုံးလျန် နေထိုင်နေတဲ့အိမ်ကို ဆလိုင်း ဆန်လင်းက သွားရောက်ဖျက်ဆီးရာကနေ နှစ်ဦးအကြား အငြင်းပွားမှု စတင်ခဲ့တာလို့ ဆိုပါတယ်။
အခုလို အိမ်ဖျက်သိမ်းမှုအပေါ် မိမိရဲ့ ခွင့်ပြုချက်မရဘဲ ဘာကြောင့် လုပ်ဆောင်တာလဲလို့ ဆလိုင်း ဇကျုံးလျန်က မေးမြန်းရာ စကားများခဲ့ကြတာဖြစ်ပြီး စကားများကြစဉ်အတွင်း အခြေအနေ ပိုမိုတင်းမာလာကာ တပ်သားတွေရဲ့ ရှေ့မှောက်မှာတင် ဒုဥက္ကဋ္ဌဟောင်း ဆလိုင်း ဆန်လင်းက အထွေထွေ အတွင်းရေးမှူး ဆလိုင်း ဇကျုံးလျန်ကို ပါးရိုက်ခဲ့ကြောင်း သိရပါတယ်။
အဲဒီလုပ်ရပ်အပေါ် မကျေနပ်တဲ့ ဆလိုင်း ဇကျုံးလျန်က စိတ်မထိန်းနိုင်ဘဲ ဆလိုင်း ဆန်လင်း ရှိရာသို့ သွားရောက်ကာ သေနတ်နဲ့ ငါးချက် ပစ်ခတ်ခဲ့ရာ ပစ်ခတ်မှုကြောင့် ဆလိုင်း ဆန်လင်းဟာ သေနတ်ကျည် သုံးချက် ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့ပါတယ်။
“ဌာနချုပ်ရွှေ့ဖို့ လုပ်နေတဲ့အချိန်မှာ အိမ်ဖျက်တဲ့ကိစ္စကနေ အချင်းချင်း စကားများကြတာ။ လူမြင်ကွင်းမှာ အထိကရုဏ်းဖြစ်ပြီး ပါးရိုက်လိုက်တဲ့အထိ အခြေအနေက တင်းမာသွားခဲ့တယ်။ အဲဒီနောက်မှာ အခုလို ပစ်ခတ်မှုအထိ ဖြစ်သွားတာပါ” ဆိုပြီး CDF-Hakha နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ပြင်ပသို့ ပေါက်ကြားမှု မရှိစေဖို့ အခင်းဖြစ်ပွားပြီးပြီးချင်း တပ်ဖွဲ့အတွင်းရှိ ဝိုင်ဖိုင်တွေ ချက်ချင်းပိတ်ပစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် တပ်ဖွဲ့အတွင်းရှိ တာဝန်ရှိသူတချို့ကလွဲပြီး ဖြစ်စဉ်အသေးစိတ်ကို တိတိကျကျ သိရှိနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်း ဆန်လင်းရဲ့ ရုပ်အလောင်းကို ၎င်းကြီးပြင်းခဲ့တဲ့ ဇာတိကျေးရွာဘက် သယ်ဆောင်ကာ သင်္ဂြိုဟ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
သေဆုံးသူ ဆလိုင်း ဆန်လင်းဟာ CDF-Hakha တပ်ဖွဲ့အတွင်း ရှေ့တန်း စစ်မြေပြင်မှာ တပ်ဖွဲ့ဝင်တွေကို ကိုယ်တိုင်ဦးဆောင်ခဲ့တဲ့ အားကိုးရတဲ့ခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
၎င်းသေဆုံးမှုအပေါ် မဖြစ်သင့်တဲ့ကိစ္စအဖြစ် နီးစပ်တဲ့ တော်လှန်ရေးခေါင်းဆောင်တွေ နှမြောတသ ဝမ်းနည်းကြောင်း ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။