ရွှေဖီမြေ၊ ဩဂုတ် ၁၆ ရက်၊ မန္တလေး
မန္တလေး အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားအဆောင် ဗုံးကြဲခံရလို့ အကျဉ်းထောင်အတွင်း မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ဒီနေ့ ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက် မနက်ပိုင်းမှာ အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားအဆောင် ၄ နဲ့ ၆ ဗုံးကြဲတိုက်ခိုက်ခံရလို့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အကျဉ်းထောင်အတွင်း မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ရေးပစ်မှတ် မဟုတ်တဲ့အတွက် အကျဉ်းထောင်က အကျဉ်းသားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို PPNM က ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က ငြင်းဆိုထားပြီး နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ၎င်းကိစ္စနဲ့ ပတ်သက်လို့ စွပ်စွဲပြီး ရိုက်နှက်စစ်ဆေးမှုလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။
ရိုက်နှက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ဗုံးကြဲခဲ့တဲ့သူကိုလည်း PPNM က ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။