သူရ၊ မေလ ၁၉ ရက်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF ရဲ့ တပ်ဖွဲ့ဝင် ၃၀၀ ကျော် ထပ်မံ အလင်းဝင်လာကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေက ဒီနေ့ မေလ ၁၉ ရက်မှာ ဖော်ပြလာကြပါတယ်။
အလင်းဝင်လာသူတွေဟာ အမျိုးသား ၂၇၇ ဦးနဲ့ အမျိုးသမီး ၃၅ ဦး စုစုပေါင်း ၃၁၂ ဦးဖြစ်ပြီး အများစုဟာ မန္တလေးတိုင်းထဲက လူငယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာသူတွေရဲ့ ကြိုဆိုပွဲကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ တော်လှန်ရေး ရဲဘော်တွေထဲ တော်လှန်ရေးတပ်တွေ လက်လွှတ်ခဲ့ရတဲ့ နယ်မြေမှာ နေထိုင်ကြတဲ့ လူငယ်အများစု ပါဝင်တာ တွေ့ရပြီး စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့်လည်း ပါဝင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ စစ်ကိုင်းဘက်က ရဲဘော်တွေ အများဆုံး စကစနဲ့ ပူးပေါင်းသွားကြတာ များတာ တွေ့ရတယ်ဗျ။ စကစ နယ်မြေစိုးမိုးမှု ရသွားတဲ့အချိန်မှာ မိဘတွေဘက်ကလည်း ဖိအားပေးခံရတာ ပါတယ်။ အဲဒါကြောင့် စကစနဲ့ ပူးပေါင်းသွားကြတာ”
စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်ချ အလင်းဝင်ဖို့ မကြာခဏ စည်းရုံးတာတွေ ပြုလုပ်နေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ရက် ၁၀၀ အတွင်း PDF တွေအနေနဲ့ လက်နက်ချ အလင်းဝင်ဖို့ ပြောဆိုထားပါတယ်။
ဧပြီ ၂၄ ရက်မှာလည်း တအာင်းတပ်- TNLA၊ အာရက္ခတပ်တော်- AA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်- PDF တပ်ဖွဲ့ဝင် ၅၀၀ ကျော် အလင်းဝင်လာတယ်လို့ စစ်ကောင်စီက ဝါဒဖြန့် ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။