အလင်း၊ ဧပြီ ၂၄ ရက်၊ မလေးရှား
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ စတားပတ် (ခ်) မှာ မြန်မာဇနီးမောင်နှံ အိမ်ထောင်ရေး အငြင်းပွား စကားများရာကနေ ဇနီးဖြစ်သူကို ဓားနဲ့ ထိုးသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ မြန်မာတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြစ်မှုကျူးလွန်သူမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ဇာတိ ချင်းလူမျိုး ဦးအောင်ထွန်း ဆိုသူဖြစ်ပြီး သေဆုံးတဲ့ အမျိုးသမီး ဖြစ်သူမှာ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မူလာရှိဒီကျေးရွာမှ လီဆူလူမျိုး ဒေါ် အားခူ ဖြစ်ပါတယ်။
ဖြစ်စဥ်မှာ မနေ့ ဧပြီလ ၂၃ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“ဇနီးမောင်နှံတွေ ဆိုပေမဲ့ အခင်းမဖြစ်မီကတည်းက ကွာရှင်းပြီးသားဖြစ်ပါတယ်။ အမျိုးသားက ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးဖို့ မလေးရင်းကစ် ၁၀,၀၀၀ တောင်းကနေ စကားများကြတယ်။ တဖြည်းဖြည်းနဲ့ အရှိန်တက်လာတော့ အမျိုးသမီးရဲ့ ရင်ဘက်တည့်တည့်ကို ဓားနဲ့ထိုးသတ်သွားတာပါ။”လို့ မလေးရှားရောက် ချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လူသတ်မှုကျူးလွန်သူကို အခင်းဖြစ်ပွားရာနေရာရှိ မြန်မာနိုင်ငံသားတွေကဝိုင်းဝန်းဖမ်းဆီးပြီး မလေးရှားအာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့ကာ လက်ရှိ တရားခံကို ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံရဲ တည်ဆဲဥပဒေများအရ လူသတ်မှုကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၃၀ အထိ ကျခံရနိုင်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။