ရွှေဖီမြေ၊ မေလ ၁၁ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ဟိုဖျက်အုပ်စုက ကျေးရွာခံတွေကို တစ်ရွာ ၁၀ ဦး စစ်မှုထမ်းပေးဖို့ ကိုးကန့်တပ်- MNDAA က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖိအားပေး ပြောဆိုခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ တက္ကနိုင်းအုပ်စုမှ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်ကစပြီး ဟိုဖျက်ကျေးရွာအုပ်စု မန်ပုံနဲ့ ဟိုပန်ရွာခံတွေကို မေလကုန် နောက်ဆုံးထားပြီး တစ်ရွာ ၁၀ ဦး စစ်မှုထမ်းသွားဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြောဆိုထားပါတယ်။
ဖြစ်စဉ်ကို သိရှိသူ တက္ကနိုင်းဒေသခံ အမျိုးသားက “သူတို့က မသွားမနေရဆိုပြီးတော့ ခြိမ်းခြောက်တာမျိုး မရှိသေးဘူး။ လကုန်အထိ တစ်ရွာ ၁၀ ယောက် သွားရမှာလို့ဘဲ ရှာပေးရမယ်လို့ ပြောထားတာ” လို့ ပြောပါတယ်။
၎င်းကျေးရွာတွေမှာ တအာင်း၊ ကချင်၊ ရှမ်းနဲ့ တရုတ် စတဲ့လူမျိုးပေါင်းစုံ နေထိုင်ကြပြီး စစ်မှုထမ်းခေါ်တဲ့ လက်နက်ကိုင်တိုင်းအတွက် စစ်မှု ထမ်းနေရတာကြောင့် ဒေသခံတွေ အခက်ကြုံနေရကြောင်း အထက်ပါ အမျိုးသားက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၆ ရက်ကလည်း ကွတ်ခိုင်မြို့နယ် ဟိုနားကျေးရွာရှိ ဒေသခံတွေကို MNDAA က အတင်းအဓမ္မ စစ်မှူထမ်းခိုင်းပြီး မသွားရင် တစ်မိသားစုလုံး ကျေးရွာကနေ ထွက်သွားဖို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
အလားတူ ကွတ်ခိုင်မြို့နယ်ကို MNDAA ထိန်းချုပ်ပြီးတဲ့နောက် ကျေးရွာတိုင်းရှိ ဒေသခံတွေကို စစ်မှုထမ်း ခေါ်တဲ့အပြင် တအာင်းကျေးရွာအဝင် ဆိုင်းဘုတ်တွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။