အိုက်ပွီး၊ အောက်တိုဘာ ၂၀ ရက်၊ ကလေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မှန်တောရွာ တပ်စခန်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားပြီး လက်ပံချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကလေးမြို့နယ် စစ်ရေးစောင့်ကြည့်နေသူ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ မှန်တောစခန်းကို စစ်ကောင်စီက အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်လာပြီး မနေ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်မှာ ပြန်လည် သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။
“ကလေးမြို့ဘက်က တက်လာတဲ့ စကစတွေ ကြံသာရွာ ပျူစောထီးတွေ ပူးပေါင်းပြီး မှန်တောစခန်းကို အင်အားရာနဲ့ချီ ထိုးစစ်ဆင်လာတယ်။ ဒရုန်းနဲ့လည်း အဆမတန် အသုံးပြု တိုက်ခိုက်တယ်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုမှာ ကျတော်တို့ တော်လှန်ရေးတပ်ဘက်က ကမ်းပါနီစခန်းထိ တပ်ပြန် ဆုတ်ပေးလိုက်ရတာပါ။”လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
မှန်တောရွာ တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၄ ဦးကျဆုံးပြီး ၁၀ ကျော် ဒဏ်ရာရကာ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။
မှန်တောစခန်းကို ရရှိပြီး စစ်ကောင်စီက ကမ်းပါနီ စခန်းကို ဆက်လက်ထိုးစစ်ဆင်နိုင်ရေးအတွက် အင်အားစုပြီး ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိဂပါတယ်။
ဒါ့အပြင် ကလေးမြို့နယ်မြောက်ပိုင်း ကလေး-တမူး ကားလမ်းမကို ထိုးစစ်ဆင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီနေ့ အောက်တိုဘာ ၂၀ ရက်မနက်မှာ လက်ပံချောင်းရွာ ဝင်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
“စစ်ကောင်စီ စစ်ကြောင်း ဝင်လို့ ရွာသားအားလုံး ထွက်ပြေးနေရတယ်။ ဒီနေ့မနက် ရွာထဲကို စစ်ကောင်စီ စစ်ကြောင်း ဝင်ပြီး ခဏအကြာမှာရွာထိပ်က မီးခိုးထွက်နေတာ အဝေးကနေမြင်ရတယ်။ အိမ်တွေလည်း မီးလောင်နေတယ်။ စစ်သားတွေမီးရှို့တာပါ။”လို့ လက်ပံချောင်းရွာသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လက်ပံချောင်းရွာဟာ အိမ်ခြေ သုံးထောင်ကျော် တည်ရှိပြီး ချင်းလူမျိုးတွေနေထိုင်တဲ့ ရွာကြီးဖြစ်ပါတယ်။
အောက်တိုဘာ ၁၇ ရက် ကလည်း စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ရာဇဂြိုလ်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး ရွာကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ ကလေး-ဂန့်ဂေါ၊ ကလေး-ခမ်းပတ်-တမူး စတဲ့ လမ်းပိုင်းတွေကို အင်အားထောင်နဲ့ချီ စစ်ကြောင်း ထိုးလာတာကြောင့် ယင်းကားလမ်းတလျှောက်ရှိ ရွာသားများဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။