ဆုမွန်၊ ဇွန်လ ၈ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦး မြေပိပြီး သေဆုံးသွားတယ်လို့ တန့်ယန်းမြို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တန့်ယန်းမြို့ ရပ်ကွက် ၆ မှာ ဒီနေ့ ဇွန်လ ၈ ရက် မနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားခဲ့ရာ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေပိကာ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “တစ်ညလုံး မိုးရွာတယ်။ တချို့ရပ်ကွက်လည်း ရေကြီးတယ်။ ဖို့မြေကို ထိန်းထားတဲ့ အုတ်တံတိုင်း ပြိုကျပြီး အိမ်ပေါ် ပိတာ။ အိမ်ထဲမှာ လူနှစ်ယောက်ရှိတယ်။ အဲအမျိုးသမီးက မြေပိပြီး သေဆုံးသွားတယ်။ ကလေးကတော့ ဘာမှမဖြစ်ဘူး” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ တန့်ယန်းမြို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိပြီး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းမှာ တန်းယန်းမြို့အပြင် ရှမ်းတောင် တောင်ကြီး၊ ညောင်ရွှေမြို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။