မြတ်နိုး၊ ဇွန် ၁၁ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့နယ် ပန်ဆိုင်း (ကြူကုတ်) မြို့ နမ့်တောင်းကျေးရွာက တောင်သူ ၆ ဦးပိုင်ဆိုင်တဲ့ စိုက်ခင်းမြေ ဧက ၂၀ ခန့်ကို ကိုးကန့်တပ် MNDAA ဘက်က အဓမ္မသိမ်းယူထားပြီး တရုတ်ကုမ္ပဏီတခုကို ကော်ဖီစိုက်ပျိုးဖို့ နေရာချပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ သိမ်းယူခံထားရတဲ့ မြေယာတွေဟာ “နဝတ”အစိုးရလက်ထက်က ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ဖို့ဆိုပြီး နိုင်ငံတော်စီမံကိန်းအနေနဲ့ သိမ်းယူထားခဲ့တဲ့ မြေတွေဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီအချိန်တုန်းက ဓာတ်မြေဩဇာစက်ရုံလုပ်မယ်ဆိုပြီး သိမ်းသွားတာ။ ဒါပေမဲ့ စက်ရုံလည်း မလုပ်ဘူး။ နောက်တော့ မုံးကိုးပြည်သူ့စစ်က လူတယောက်ကို ပေးပြီး နှစ်နှစ် သုံးနှစ်လောက် လုပ်ခိုင်းတယ်။ အဆင်မပြေလို့ ပြန်ရပ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
နောက်ပိုင်းမှာ ရွာခံတွေက အဲဒီမြေယာတွေပေါ် ပြန်လည်စိုက်ပျိုးလာခဲ့ကြတာ ၁၀ နှစ်ကျော်ကြာ ရှိခဲ့ပြီလို့ သိရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သုံးလခန့်ကစပြီး MNDAA ဘက်က အရင်တုန်းက လုပ်ပိုင်ခွင့်ပေးထားတဲ့ မြေယာတွေဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လည်သိမ်းယူလာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သူတို့ မလုပ်တော့လို့ ကျနော်တို့ ရွာသားတွေ ပြန်စိုက်စားလာတာ ၁၀ နှစ်ကျော်သွားပြီ။ အခုကျမှ အရင်က ပေးထားတဲ့ မြေဆိုပြီး စစ်သားအင်အားသုံးပြီး ပြန်သိမ်းတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ MNDAA ဘက်က တရုတ်နိုင်ငံက ကော်ဖီကုမ္ပဏီတခုကို အဲဒီနေရာမှာ ရင်းနှီးမြှုပ်နှံခွင့် ပေးထားပြီး ကော်ဖီပျိုးပင်တွေ စတင်စိုက်ပျိုးနေပြီလို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိမ်းယူခံထားရတဲ့ မြေဧရိယာထဲမှာ တောင်သူ ၆ ဦးရဲ့ စိုက်ခင်းမြေတွေတင်မကဘဲ ကျေးရွာလူထု အသုံးပြုနေတဲ့ ရေအရင်းအမြစ်ဧရိယာ ၁၅ ဧကခန့်လည်း ပါဝင်နေကြောင်း သိရပါတယ်။
“အဲဒီနေရာက ကျနော်တို့ ရွာရဲ့ ရေဦးထွက်နေရာ။ ရေအရင်းအမြစ် ဖြစ်တယ်။ အဲဒါကြောင့် ရွာလူထုက အဲဒီနေရာကိုတော့ မပေးနိုင်ဘူးလို့ ပြောထားတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
မြေယာတွေကို ပြန်လည်တောင်းဆိုဖို့ သွားရောက်ဆွေးနွေးခဲ့ပေမယ့် MNDAA ဘက်က လာရောက်တွေ့ဆုံတဲ့ ဒေသခံတွေကို ကောင်းကောင်းပြောဆိုခွင့်မပေးဘဲ ငေါက်ငမ်းပြောဆိုတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မြေယာအတွင်း စိုက်ပျိုးထားတဲ့ ကြံခင်းတွေကိုလည်း မြေတူးစက်တွေနဲ့ ထိုးကော်ဖျက်ဆီးခဲ့သလို မေလ ၁၉ ရက်နေ့မှာလည်း ကြံခင်းတွေ ထပ်မံဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြေဩဇာကောင်းကောင်းထည့်ပြီး စိုက်ထားတဲ့ ကြံခင်းတွေကို စက်နဲ့ ထိုးဖျက်သွားတယ်။ မဖျက်ဖို့ သွားပြောလည်း မရပ်ဘူး။ ခြံသွားတဲ့ လမ်းတွေပါ ပိတ်ပစ်တယ်။ ပိုင်ရှင်တွေကိုလည်း မစိုက်ဖို့ ပြောတယ်” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး MNDAA ဖက်က မြို့နယ်တာဝန်ရှိသူတွေထံ တင်ပြထားပေမယ့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ဖြေရှင်းပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပန်ဆိုင်း (ကြူကုတ်) မြို့မှာ MNDAA ရုံးက ပြုလုပ်ခဲ့တဲ့ ညှိနှိုင်းဆွေးနွေးမှုအတွင်း MNDAA ဘက်က အဆိုပါမြေယာတွေကို ၁၂ နှစ်ခန့် ဆက်လက်အသုံးပြုဦးမှာဖြစ်ပြီး အဲဒီနောက်မှ ဒေသခံတွေကို ပြန်လည်ပေးအပ်မယ်လို့ ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။