ဝတ်မှုံ၊ မတ်လ ၁၆ ရက်၊ မုံးကိုး
ကိုးကန့်တပ် MNDAA က ၎င်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့က တအာင်းရွာတွေကို အစည်းအဝေးခေါ်ယူပြီး ရွာထဲက တအာင်းတပ် TNLA ထံ တာဝန်ထမ်းဆောင်တဲ့ သူတွေရဲ့ စာရင်းတွေ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ မုံးကိုးမြို့မှာရှိတဲ့ တအာင်းရွာက ရွာသူကြီးတွေကို MNDAA တပ်က အစည်းခေါ်ပြီး ရွာထဲမှာ TNLA ထံ တာဝန်ထမ်းဆောင်သူရှိမရှိ မေးမြန်းတာနဲ့ တာဝန်ထမ်းဆောင်သူရှိရင် အဲလူတွေရဲ့ စာရင်းတွေ လာအပ်ဖို့ ပြောဆိုကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မုံးကိုးမှာ MNDAA က အစည်းအဝေးခေါ်တယ်။ ရွာလူကြီးတွေကို တအာင်းစစ်သားလုပ်တဲ့သူ ရှိမရှိ မေးမြန်နေတယ်။ ရှိရင် စာရင်းလာအပ်ဖို့ မအပ်မနေရတဲ့။ အစည်းအဝေးလာတဲ့ အထဲက သူတို့သိတဲ့ ရှောက်ရွှေကျင် တအာင်းစစ်သား နှစ်ယောက်ကို ဖမ်းထားတယ်။ ပေးမပြန်ဘူး။ စာရင်းတောင် မအပ်ရသေးဘူး။ သူတို့သိတဲ့သူ ဖမ်းနေပြီ။ စာရင်းမအပ်ရင်လည်း မရမဲ့သဘောရှိတယ်”
အဲဒီ မတ်လ ၁၄ ရက်မှာပဲ ရှောက်ရွှေကျင်ရွာက TNLA တပ်သား ၂ ဦး ကိုးကန့်တပ်က ဖမ်းဆီးထားပြီး တစ်ခြားရွာက TNLA ထံ တာဝန်ထမ်းဆောင်သူတွေရဲ့ စာရင်းလည်း မပို့မနေရ လာပို့ခိုင်းနေတယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
“အရင်နှစ် ၂၀၂၅ က သူတို့လုပ်တဲ့ အိမ်ထောင်စုဇယားမှာ ကိုယ့်အိမ်က ဘယ်တပ်ရဲ့ အဖွဲ့အစည်းမှာ တာ၀န်ထမ်းဆောင်နေလဲဆိုတာ ထည့်ထားရတယ်။ အဲတော့ TNLA လို့ ထည့်ထာတဲ့ အိမ်ထောင်စုတွေ ရှိနေတယ်။ စာရင်းမပေးရင်လည်း မရလောက်ဘူး။ သူတို့မှာ ရှိနေတော့လေ။ ပေးရင်လည် ဖမ်းဖို့ လာရှာမယ့်သဘောရှိနေတယ်။ ဒီနေ့လယ်အထိ MNDAA က ဖုန်းခဏခဏ ဥက္ကဌဆီ ဆက်နေတာ။ ထွက်ပြေးတဲ့သူတွေကို လိုက်ရှာခိုင်းနေတာ။ ၁၀ အိမ်မှူးတွေခေါ်ပြီးကို ရှာခိုင်းနေတာ။ မရှာပေးရင်လည်း ဆူနေလို့ ရှာနေရတာ”
အလားတူ မနေ့ မတ်လ ၁၅ ရက်မှာလည်း နမ့်ဖတ်ကာ ရပ်ကွက် (၄) က တအာင်းလူမျိုးတွေရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ဝင်ရောက်စစ်ဆေးပြီး ဒေသခံတချို့ကို ဖမ်းဆီးသွားတဲ့အပြင် ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။