ရွှေဖီမြေ၊ ဇွန်လ ၇ ရက်၊ နမ့်ခမ်း
ကချင်လွတ်လပ်ရေးအဖွဲ့- KIO က နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် သိန်း ၅၅၀ လှူဒါန်းခဲ့တယ်လို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ စာရင်းအရ သိရပါတယ်။
မနေ့ ဇွန်လ ၆ ရက်မှာ KIO ရဲ့ ဗဟိုကော်မတီက သိန်း ၅၀၀ နဲ့ အင်မာဝ်တည်ကော်မတီ KIO အစိုးရက သိန်း ၅၀ စုစုပေါင်း သိန်း ၅၅၀ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်က တအာင်းတပ် စီးပွားရေးဌာနရဲ့ ယမ်းဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပွားရာ ရွာခံ ၆၁ ဦး သေဆုံးခဲ့ပါတယ်။
ဒေသခံ ၁၅ဝ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး နေအိမ်နဲ့ အဆောက်အဦး ၆၈၀ ပျက်စီးသွားတာကြောင့် ဆေးဝါးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် KIO/KIA အပါအဝင် “ဝ”တပ်မတော်- UWSA က ကျပ်သိန်း ၁ဝဝ နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဆန်အိတ် ၂ဝ နဲ့ ကျပ်သိန်း ၁ဝဝ၊ ပြည်တွင်းပြည်ပရှိ ဒေသအသီးသီးက တအာင်း၊ ကချင်၊ ရှမ်း၊ တရုတ်၊ ခိုလုံလီရှော၊ ဗမာ စတဲ့လူထုတွေကလည်း ပါဝင်လှူဒါန်းနေကြပါတယ်။
ကောင်းတပ်ရွာအတွက် ဇွန်လ ၄ ရက်ကနေ မနေ့ ၆ ရက်အထိ ကျပ်သိန်း ၄ ထောင်ကျော် (၄၂၅,၃၈၅,၂ဝဝ ကျပ်)နဲ့ တရုတ်ငွေ ယွမ် ၃၂,၁၉၅ (ကျပ်သိန်း ၁၈ဝ ကျော်) လက်ခံရရှိထားကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။