ပို့လဘား၊ ဧပြီ ၂၄ ရက်၊ ဒီမော့ဆို့
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်တွေရဲ့ တဲအိမ်နဲ့ ခန်းမဆောင်တွေပါ ထိခိုက်ပျက်စီးကုန်တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ DTMG Volunteer Team တာဝန်ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ တဲအိမ် အလုံး ၃၀ ကျော် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
DTMG Volunteer Team တာဝန်ခံတစ်ဦးက”တဲအိမ်၊ ဂိုဒေါင်ဆောင်၊ စာသင်ဆောင်နဲ့ ဆေးခန်းတွေ ပျက်စီးသွားတယ်။ အခုက နေထိုင်ရေးနဲ့ စားဝတ်နေရေးအတွက်တော့ အရမ်းခက်ခဲကြပ်တည်းနေတဲ့ အခြေအနေမှာ ရှိနေပါတယ်ရှင့်။ စစ်ရှောင်တာကလည်း (၄)နှစ်ကျော်ပြီဆိုတော့လေ” လို့ ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ လွိုင်ကော်၊ ဘောလခဲ၊ ငွေတောင်၊ ဒီးမော့ဆို အရှေ့ခြမ်းတွေကနေ စစ်ဘေးရှောင်နေကြသူတွေဖြစ်ပြီး စစ်ရှောင်ကာလ ၄ နှစ်ကျော်ရှိနေပြီလို့ ဆိုပါတယ်။
အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် တဲအိမ်တွေ ပျက်စီးသွားခဲ့ရပြီး ပြန်လည်တည်ဆောက်နေထိုင်ဖို့ မိုးကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်ကလည်း ဖရူဆိုမြို့နယ် ခေါခူလီကျေးရွာမှာ လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ ကျော်ထက်မနည်း ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။