မြတ်နိုး၊ စက်တင်ဘာ ၃ ရက်၊ ရွှေကူ
မနေ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာ ရွှေကူကနေ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောနှစ်စီး အလံဖြူထောင်ပြီး စစ်သား ရာနဲ့ချီ လက်နက်ချခဲ့တယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
“စင်းခန်းအနီး သင်္ဘော ၂ စီး ကမ်းကပ် အလံဖြူထောင်သွားတယ်။ စစ်သားအင်အား ၁၀၀ ကျော် ခန့်ရှိမယ် လက်နက်ချတာ။ တချို့က မြစ်ထဲ ခုန်ချရေကူးတဲ့သူက ကူး” လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီစစ်သင်္ဘောတွေကို တပ်မ ၃၃ ရဲ့ ဒုတပ်မမှူးက ဦးဆောင်ပြီး ဒီနေ့မနက် ၄ နာရီကျော်က ရွှေကူကနေ ဗန်းမော်ဘက် စစ်ကူနဲ့ လက်နက်ရိက္ခာတွေ သွားပို့ဖို့ ဆန်တက်လာတာလို့ သူက ပြောပါတယ်။
ဒီနေ့တစ်ရက်ထဲ စစ်သင်္ဘော ၁ စီးက စစ်သားတွေနဲ့အတူ ရေထဲ နစ်မြှုပ်သွားခဲ့ပြီး နောက်ထပ် ၁ စီးက မီးလောင်ကျွမ်းကာ နောက် ၁ စီးကတော့ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီ သုံ့ပန်း အများကြီး ဖမ်းမိထားတယ်လို့ ပြောတယ်။ စစ်ကောင်စီဘက်က စစ်သင်္ဘောကိုထားပြီး ရွှေတူးတဲ့ သင်္ဘောတွေကို ချောဆွဲပြီး ပစ္စည်းတွေ ရွှေ့ပြောင်းထည့်တက်လာတာလည်း ရှိတယ်လို့ ပြောတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူ အမျိုးသမီးကလည်း ပြောပါတယ်။
စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေသယ်ဖို့ ချောမိထားတဲ့ ရွှေဖောင် ရာချီကိုလည်း စင်းခန်းတံတားအနီးမှာ KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းမိထားကြောင်း သိရတယ်လို့ သူက ပြောပါတယ်။
စစ်တပ်ဘက်ကတော့ ကြည်းကြောင်းအပြင် ရေကြောင်းမှာ အထိနာနေတဲ့ စစ်သင်္ဘောတွေကို ကာကွယ်ဖို့ ဂျက်ဖိုက်တာ အစီး ၂၀ ကျော်၊ ၃၀ နီးပါး သုံးပြီး တရစပ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်သင်္ဘော ၁၅ စီး အုပ်စုဟာ မန္တလေးကနေ ဆန်တက်လာတာဖြစ်ပြီး ဩဂုတ် ၂၇ ရက်ကတည်းက ရွှေကူမှာ ဆိုက်ရောက်ကာ ဗန်းမော်ဘက် ပိတ်မိနေတဲ့ စစ်သားတွေအတွက် လက်နက်ခဲယမ်းနဲ့ လူအင်အား ဖြည့်တင်းဖို့ ဆန်တက်လာတာလို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။