ပျားကြီး၊ မေလ ၁၀ ရက်၊ ပုလဲ
စစ်ကိုင်းတိုင်း ပုလဲနဲ့ဂန့်ဂေါမြို့နယ်ထဲက ရာနဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ ငှက်ဖျားရောဂါဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ဒေသခံ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ်အပါအဝင် ဒေသခံတွေဟာ သောက်သုံးရေ မသန့်ရှင်းမှု၊ ဆေးဝါး မလုံလောက်မှုနဲ့ အစာအာဟာရ ချို့တဲ့မှုကြောင့် ငှက်ဖျားရောဂါ ကူးစက်မှုကို လျင်လျင်မြန်မြန် ခံစားနေကြရတာပဲ ဖြစ်ပါတယ်။
“ကျမတို့ ရောက်သွားတဲ့အချိန်မှာ ဖျားတဲ့သူတွေ အရမ်းများလို့ သွေး စစ်ကြည့်လိုက်တာ။ အကုန်လုံးလိုလို ငှက်ဖျားရောဂါ ရှိနေတယ်။ ဒီဖက်ဒေသက စစ်ရှောင်စခန်းတိုင်းလိုလို ဖြစ်နေတာ တွေ့ရတယ်။ ဆေးဝါး မလုံလောက်တော့ ပိုဆိုးတာပေါ့” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒေသတွင်း တောတောင်တွေထဲက စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်၊ အသက် ၁၃ နှစ်အောက် ကလေးငယ် တစ်ရာကျော်ဟာ ငှက်ဖျားရောဂါ ကူးစက်ခံနေရပြီး လတ်တလော ဆေးစစ်မှုတွေအရ စစ်ရှောင်စခန်း ၅ ခုက လူပေါင်း ၃၀၀ ကျော်ဟာ ရောဂါ ကူးစက်ခံနေရတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ဆိုပါတယ်။
ပုလဲနဲ့ဂန့်ဂေါမြို့နယ်ထဲက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ခဲ့ရတာဖြစ်ပြီး လတ်တလော မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ရိက္ခာနဲ့ဆေးဝါး လိုအပ်ချက် ကြုံတွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။