ရွှေဖီမြေ၊ မေလ ၇ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ဟိုဖျက်ရွာဖက်က အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးသုံးတယ်ဆိုပြီး ကချင်တပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ၂ ရက်အကြာမှာတော့ သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ ပြန်ပို့ခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ကွတ်ခိုင်မြို့ ဟိုဖျက်ကျေးရွာအုပ်စုနေ အသက် ၅၀ ကျော်အရွယ် ဒေါ်ဂျာဘောင်ဆိုသူကို ကချင်တပ်မတော် KIA က မေလ ၃ ရက်မှာ ဖမ်းဆီးသွားခဲ့ပြီး မနေ့ မေလ ၅ ရက်မှာ ၎င်းအမျိုးသမီးရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေထံ ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုသိရသူ အမျိုးသားက “သူတို့က အဲအမျိုးသမီးကို တအားရိုက်ထားတာ။ ရိုက်လို့ သေသွားတာ။ မနေ့မှ ရွာကို အလောင်းပြန်ပို့တာ” လို့ ပြောပါတယ်။
၎င်းအမျိုးသမီးနဲ့အတူ ဒေသခံ အမျိုးသား ၁၀ ဦးကျော်ကိုလည်း မူးယစ်ဆေး သုံးစွဲတယ်ဆိုပြီး KIA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သူက ဆိုပါတယ်။ အဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ကို ရွှေဖီမြေက KIA နဲ့ ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
အလားတူ ကွတ်ခိုင်မြို့နယ်က တခြားကျေးရွာတွေမှာလည်း KIA က မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီးခဲ့ပြီး ငွေနဲ့ ပြန်ရွေးယူခဲ့ရတာတွေလည်း ရှိကြောင်း ဒေသခံတွေက ဆိုပေမဲ့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာလည်း ကွတ်ခိုင်မြို့နယ်ထဲက ကျေးရွာတချို့နဲ့ နမ့်ဖတ်ကာမှာလည်း မူးယစ်ဆေး သုံးစွဲသူ ဒေသခံ ၄၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။
အလားတူ ဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်ကလည်း လားရှိုးမြို့နယ် အီနိုင်းရွာဖက်မှာ ကိုးကပ်တပ် MNDAA က မူးယစ်ဆေးဝါး စစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံအပါအဝင် ခရီးသည် ၇၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေနဲ့ ပြန်ရွေးခိုင်းခဲ့တာရှိသလို မိသားစုဝင်တွေက ၃ လအတွင်း လာမကြည့်ပါက စစ်မှုထမ်းအဖြစ် ခေါ်ဆောင်သွားမယ်လို့လည်း ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။