ရဲမာန်၊ ဧပြီ ၈ ရက်၊ မြစ်ကြီးနား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်၊ ရွှေစက်ရပ်ကွက်အနီးရှိ ဆီဂိုဒေါင် ၁ ခု မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီသူ အမျိုးသား ၁ ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဧပြီ ၈ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ စတင်မီးလောင်ခဲ့ပြီး မီးသတ်ကား ၅ စီးနဲ့အထက် အသုံးပြုပြီးတော့ ငြိမ်းသတ်ခဲ့ရတယ်လို့ ၎င်းက ပြောပါတယ်။
“ဆီဂိုဒေါင်ဆိုတော့ မီးက တော်တော်များတယ်။ ဒါပေမဲ့ မိုးလည်းရွာနေတော့ ကံကောင်းတယ်လို့ ပြောရမယ်။ ကျနော်တောင် မီးသတ်ကား ဘယ်နှစ်စီးနဲ့ ငြိမ်းရလဲတောင် မမှတ်မိတော့ဘူး။ မီးက များတော့လေ ပထမက ၅ စီး။ ပြီးတော့ ရေကုန်တော့ ပြန်သွားထည့်ရသေးတယ်”
မီးလောင်မှုကြောင့် ဆုံးရှုံးနစ်နာမှု ပမာဏကိုတော့ မသိရသေးဘဲ မီးတော့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကိုင်းရှည်ရပ်ကွက်နဲ့ ကင်းတောင်ရွာက စက်သုံးဆီဆိုင်တွေ မီးလောင်ခဲ့ပြီး ငွေသိန်းထောင်ချီ ဆုံးရှုံးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။