ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ရွာငံ
ရှမ်းတောင် ရွာငံမြို့နယ်မှာ လင်မယား ၂ ဦးက ပစ်ခတ်ခံခဲ့ရလို့ အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ သတင်းအရင်းအမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ ရွာငံမြို့နယ် ရွာဘန်းကြီးအုပ်စု ပွေးနဖားရွာက အသက် ၃၀ ကျော်အရွယ် လင်မယား ၂ ဦးကို လက်နက်ကိုင်တစ်စုက ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
”ပစ်ခံရတဲ့ကောင်က ပျူစောထီးခေါင်းဆောင် ငအွန်ရဲ့ လက်အောက်မှာ ဖြစ်တယ်။ သူလည်း ပျူစောထီးပါဘဲ” လို့ ရွာငံမြို့နယ်အခြေစိုက် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ် DSNDA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောပါတယ်။
ပစ်ခတ်ခံရသူ အမျိုးသားဟာ ပျူစောထီးတပ်ဖွဲ့ဝင်လို့ ပြောဆိုကြပေမဲ့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်ပဲ လက်ရှိမှာ ထိမှန်ဒဏ်ရာရခဲ့တဲ့ ၎င်းအမျိုးသားက တောင်ကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
၎င်းကျေးရွာ အနီးတဝိုက်မှာ လှုပ်ရှားသွားလာတဲ့ လက်နက်ကိုင်တွေလည်း များတာကြောင့် ဘယ်အဖွဲ့က ပစ်ခတ်သွားလဲဆိုတာကို မသိရသလို လက်ရှိအချိန်အထိ ဘယ်အဖွဲ့မှ ထုတ်ပြန်ထားတာ မရှိကြောင်း သူက ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့လ ဇန်နဝါရီ နောက်ဆုံးအပတ်ကလည်း ရွာငံမြို့နယ် လယ်ကိုင်းရွာက အမျိုးသား ၄ ဦးကို လက်နက်ကိုင်တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီ ၉ ရက်မှာ ရွာအနီးက နေရာတစ်ခုမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ တွေ့ခဲ့ရကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်အပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA၊ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ် DSNDA နဲ့ MOD လက်အောက်ခံ p3.1003 တပ်ရင်းတို့ သွားလာလှုပ်ရှားတဲ့ နေရာတွေ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။