ယာရူစိင်၊ မေလ ၃၀ ရက်၊ လောက်ကိုင်
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ ကလေးထိန်းအလုပ်သွားလုပ်တဲ့ အမျိုးသမီးငယ် ၁ ဦး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်ဖြစ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ လွေးဆိုင်ခေါင်ဟာ တန့်ယန်းမြို့နယ် မန်ကောင်းမှုအုပ်စု လွယ်ပျက်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ကလေးထိန်းအလုပ်လုပ်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် လကုန်ပိုင်းမှာ လောက်ကိုင်ကို ကျေးရွာက အမျိုးသမီးတစ်ဦးနဲ့ သွားခဲ့တာလို့ ဆိုပါတယ်။
“သူနဲ့ ရွာက အမျိုးသမီးတစ်ယောက်နဲ့ တက်လာတာ။ အဲအမျိုးသမီးက ဒီဘက်က တရုတ်ယောင်္ကျားယူထားတာ။ သူကလေးရဲ့ ကလေးထိန်းလုပ်ပေးဖို့အတွက် ခေါ်သွားတာပေါ့။ အဲအမျိုးသမီးကျ သူ့သမီးဆေးရုံးတက်ရလို့ဆိုပြီး လွေးဆိုင်ခေါင်ကို သူ့တို့အိမ်က တရုတ်ဘိုးတော်တွေနဲ့ ထားခဲ့တာ။ နောက်ကျ လွေးဆိုင်ခေါင်က သူတို့ပိုက်ဆံယူလို့ ပြီးတော့ စားသောက်ဆိုင်တစ်ခုမှာ တွေ့တယ်လည်း ပြောတယ်။ ကျမတို့ကိုယ်တိုင်သွားရောက်တဲ့အချိန်ကျ စားသောက်ဆိုင်မှာ တွေ့တယ်ဆိုတာ မဟုတ်ဘူး။ လူမှတ်မှားတာတဲ့”
လက်ရှိ လွေးဆိုင်ခေါင်ရဲ့ သတင်းအစအန မတွေ့တော့တာကြောင့် လမ်းမှားပြီး ပျောက်ဆုံးနေတာ မဖြစ်နိုင်ဘဲ လူကုန်ကူးခံရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
လက်ရှိ လွေးဆိုင်ခေါင်ကို ခေါ်ဆောင်သွားတဲ့ အမျိုးသမီးလည်း လက်ရှိပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာတာဝန်ယူပေးတာမျိုး မလုပ်ပေးဘူးလို့ ဆိုထားပါတယိ။
လောက်ကိုင်နဲ့နယ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်မှာ တရုတ်နိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုပြီး အခငွေကြေးယူတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွါးနေတာကြောင့် လွေးဆိုင်ခေါင်လည်း အဲလို လူကုန်ကူးခံရနိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
မိသားစုဝင်ဘက်က စိတ်ပူနေတာကြောင့် လွေးဆီခေါင်ကို တွေ့ရှိသူတွေအနေနဲ့ ရွှေဖီမြေကနေဆင့် ဆက်သွယ်အကြောင်းကြားပေးဖို့ တောင်းဆိုထားပါတယ်။
လက်ရှိ ရှမ်းမြောက်မှာ လူပျောက်ဆုံးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ခိုးမှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေအနေနဲ့ သတိထား သွားလာကြဖို့ တိုက်တွန်းနေကြတာလည်း ရှိပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။