ဆုမွန်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၅ က ကုန်စုံဆိုင်တစ်ခုကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦး ပြန်လွှတ်လာပြီလို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြန်လည်လွှတ်မြောက်လာတာဖြစ်ပြီး သူမကို ပြန်ပေးဆွဲသွားတဲ့ အဲဒီအမျိုးသား ၃ ဦးကိုလည်း မနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လားရှိုးမြို့ ရပ်ကွက် ၅ မှာ ပြန်ဖမ်းမိတာလို့ ဆိုပါတယ်။
“အစက သူတို့ သိန်း ၁ ထောင်နဲ့ ပြန်ရွေးခိုင်းတယ်။ ဒါပေမဲ့ သူတို့ကို ပြန်မိသွားပြီ။ သူတို့ရဲ့ အိမ်အပေါ်နားလေးမှာပဲ။ သူတို့က တစ်ရပ်ကွက်ထဲကပဲ။ ဓားပြတိုက်သွားတဲ့အဖွဲ့က လမ်းရဲ့အပေါ်မှာနေတာ။ တိုက်ခံရတဲ့ အမျိုးသမီးက လမ်းရဲ့အောက်မှာနေတာ။ အဲလိုပဲ ကွာတယ်။ သူတို့က အချင်းချင်းတွေပဲ အတွင်းသိတွေ။ အလုပ်အတူတူ ပေါင်းလုပ်တဲ့သူတွေပဲ။ တရုတ်အချင်းချင်းပဲ” လို့ အထက်ပါမြို့ခံက ပြောပါတယ်။
သူတို့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲမှာ လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ကုန်စုံဆိုင်တစ်ခုမှာ အရပ်ဝတ်နဲ့ အဆိုပါအမျိုးသား ၃ ဦးက ဆိုင်ထဲ ဝင်လာပြီး ဆိုင်ထဲက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးကို သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
လားရှိုးမြို့ အဝေရာလမ်းသွယ် ၇ မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက် ည ၇ နာရီခွဲဝန်းကျင်မှာလည်း အမျိုးသမီးတစ်ဦးက ဓားပြတိုက်ခံရပြီး ရွှေဆွဲကြိုး၊ ငွေသား သိန်း ၂၀ နဲ့ ဖုန်းတွေ ပါသွားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှာလည်း ဈေးကနေ ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသား ၃ ဦးက သေနတ်ထောက်ပြီး ဓားပြ တိုက်သွားခဲ့ပါတယ်။
လားရှိုးမြို့ကို စစ်တပ် ပြန်ထိန်းချုပ်ပြီးနောက် လောင်းကစားဝိုင်း ပေါများလာသလို မူးယစ်ဆေးဝါး သုံးစွဲသူတွေလည်း များလာပြီး အခုလို ခိုးဆိုးလုယက်တာတွေ ပိုများလာတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။