ဆုမွန်၊ မတ်လ ၁၈ ရက်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင် ပြည်ထောင်စုလမ်းမပေါ်ရှိ တအာင်းရွာတွေကို ကိုးကန့်တပ်-MNDAA က တအာင်းတပ်-TNLA ယူနီဖောင်းနဲ့ သေနတ်တွေ အကုန်လာအပ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီး ပြောဆိုထားတာရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ဝေလု၊ နမ့်တောင်း၊ နမ့်အွမ်၊ ခိုမုန်း၊ ၁၀၅ မိုင်နဲ့ အောက်နမ့်ဟွမ်ကျေးရွာတွေရဲ့ အုပ်ချုပ်ရေးမှုးတွေကို ကိုးကန့်က မနေ့အစည်းအဝေးခေါ်တယ်။ သူတို့ပြောတာတော့ သေနတ်နဲ့ ယူနီဖောင်းတွေ သူတို့ဆီ လာအပ်ခိုင်းတာ။ သေနတ်တွေရှိရင် ဒီတိုင်းပဲ လာအပ်ပေးတဲ့။ ဘာမှမဖြစ်ဘူး မင်းတို့ကိုလည်း ဘာမှမလုပ်ဘူး။ သေနတ်မပါရင် အရပ်ဝတ်စုံနဲ့ လာနေလို့ရတယ်။ စစ်သားတွေရဲ့ အလုပ်တွေလည်း မပတ်သက်နဲ့ သူတို့နဲ့လည်း မပတ်သက်နဲ့ပေါ့။ လုပ်လည်းမလုပ်ကြနဲ့တော့ အရပ်သားတွေလိုပဲနေကြတဲ့။ အဲလိုသတိပေးထားတာရှိတယ်”
ဒါ့အပြင် မနေ့ မတ်လ ၁၇ ရက် မနက်ပိုင်းမှာလည်း ၁၀၅ မိုင်၊ အောက်နမ့်ဟွယ်၊ အထက်နမ့်ဟွယ်နဲ့ နမ့်တောင်းရွာမှာရှိတဲ့ ရွာသူကြီးတွေကို MNDAA တပ်က အစည်းအဝေးခေါ်ပြီး ရွာထဲမှာ TNLA ထံ တာဝန်ထမ်းဆောင်သူရှိမရှိ မေးမြန်းတာနဲ့ တာဝန်ထမ်းဆောင်သူရှိရင် အဲလူတွေရဲ့ စာရင်းတွေ လာအပ်ဖို့ ပြောဆိုကြောင်း နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“၁၀၅မိုင်၊ အောက်နမ့်ဟွယ်၊ အထက်နမ့်ဟွယ်၊ မန်မော်နဲ့ နောင်တောင်းဘက်မှာ MNDAA က ရွာသူကြီးတွေကိုအစည်းအဝေးခေါ်တယ်။ ၁၀၅ မိုင်နဲ့ နမ့်တောင်းဘက်မှာ တအာင်းလူဦးရေ၊ အိမ်ခြေနဲ့ အိမ်ထောင်စု ဘယ်လောက်ရှိလဲ။ ပြီးတော့ တအာင်းစစ်သားလုပ်တဲ့သူအော ဘယ်လောက်ရှိလဲဆိုပြီးမေးတယ် “
အလားတူ ကွတ်ခိုင်မြို့နယ်က တအာင်းရွာတွေကိုလည်း ကိုးကန့်တပ်က TNLA တပ်သားရဲ့ ယူနီဖောင်းနဲ့ သေနတ်တွေ အကုန်လာအပ်ပေးဖို့ ကျေးရွာရဲ့ ရွာသူကြီးတွေကိုလည်း လိုက်လံသတိပေး ပြောဆိုထားတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်ကလည်း အဲဒီ ပြည်ထောင်စုလမ်းမပေါ်ရှိ တအာင်းကျေးရွာက ရွာသူကြီးတွေကို MNDAA တပ်က အစည်းအဝေးခေါ်ပြီး ဒေသခံတွေကိုလည်း ဓာတ်ပုံလာရိုက်ဖို့ ပြောဆိုသွားပြီး မှတ်တမ်းထဲပါမှာသာ ဖြတ်သန်းသွားလာခွင့်ပြုပေးမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အလားတူ MNDAA ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် မုံးကိုးမြို့က တအာင်းရွာတွေကိုလည်း အစည်းအဝေးခေါ်ယူပြီး ရွာထဲက တအာင်းတပ် TNLA ထံ တာဝန်ထမ်းဆောင်တဲ့ သူတွေရဲ့ စာရင်းတွေ တောင်းခံနေတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။