ရွှေဖီမြေ၊ မတ်လ ၁၉ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြို့ခံတွေက ရပ်ကွက်အတွင်း လိုက်ခိုးနေတဲ့ သူခိုး ၂ ဦးကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ မတ်လ ၁၉ ရက် မနက် အစောပိုင်းမှာ လားရှိုးမြို့ ရပ်ကွက် (၁၁) နေခြည်ကျောင်းအနီးက နေအိမ်တစ်ခုထဲမှာ မီးစက်နဲ့ မီးကြိုး ဖြုတ်ဖို့လုပ်နေတဲ့ သူခိုး ၂ ဦးကို ရပ်ကွက်နေ လူထုတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ရပ်ကွက်နေ အမျိုးသမီးက “သူတို့ ၂ ယောက်က ဗမာစကားပြောတာ။ ခိုးဖို့လုပ်နေချိန် အဲတာကို မိသွားလို့ လိုက်ဖမ်းတာ။ သူတို့က ဟိုပုန်းဒီပုန်းနဲ့ ခဏအတွင်း ဖမ်းမိသွားတာ” လို့ ပြောပါတယ်။
အဲဒီသူခိုး ၂ ဦးဟာ အသက် ၁၈ နှစ်အရွယ်နဲ့ အသက် ၂၅ နှစ်အရွယ်ရှိသူတွေဖြစ်ပြီး လက်ရှိမှာ သူတို့နှစ်ဦးကို ရဲစခန်းက လာရောက် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ဆိုပါတယ်။
လားရှိုးမှာ ခိုးဆိုးလုယက်မှုတွေ ပေါများနေပေမဲ့ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်တာ အားနည်းပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း လားရှိုးမြို့ ရပ်ကွက် (၁၂) မှာ ပစ္စည်းတွေ လိုက်လံခိုးယူတဲ့ သူခိုး ၂ ဦးကို ဒေသခံတွေ ဝိုင်းဝန်းဖမ်းဆီးရမိတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် လားရှိုးမြို့မှာ ခိုးမှုတွေအပြင် ပြန်ပေးစွဲမှု၊ လုယက်မှု၊ ဓါးပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားနေတာကိုလည်း တွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။